တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေး ပြဿနာ အဆင့်မြင့် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2023-12-01 13:38:14  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၉ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုလ အလှည့်ကျသဘာပတိနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်အရ ပါလက်စတိုင်း-အစ္စရေး ပြဿနာ အဆင့်မြင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကြီးမှူးကျင်းပပြီး ဘရာဇီး၊ ပါလက်စတိုင်း၊ ကာတာ၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ တူရကီ၊ စလိုဗင်းနီးယား နှင့် မလေးရှား စသော နိုင်ငံ၂၀နီးပါးမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး တက်ရောက်ခဲ့ကြ ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူး Wenneslandတို့သည် သက်ဆိုင်ရာအခြေအနေများကို  ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဝမ်ယိက ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှုကြောင့် အရပ်သူအရပ်သား အမြောက်အများသေဆုံးမှု နှင့် မကြုံစဖူးသော လူသားချင်းစာနာထောက်ထားမှုဘေးဒုက္ခ များ ဖြစ်စေခဲ့ကြောင်း၊ နိုင်ငံတကာမိသားစုကြီးအနေနှင့် အသက်ကယ်ဆယ်ရေး နှင့် ငြိမ်းချမ်းမှုပြန်လည်ရရှိရေး အတွက် ပိုမိုတက်ကြွစွာဆောင်ရွက်သင့်ကြောင်း၊ ဘက်စုံရေရှည် အပစ်အခတ်ရပ်စဲရန် အရေးအကြီးဆုံး တွန်းအားပေးသင့်ကြောင်း၊ ပိုမိုထိရောက်သော ဆောင်ရွက်ချက်များဖြင့် အရပ်သူ အရပ်သားများကို ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ ပိုမိုခိုင်မာသောသန္နိဋ္ဌာန်ဖြင့် “နှစ်နိုင်ငံဖြေရှင်းနည်း” ဟူသော နိုင်ငံရေးရှေ့အလားအလာကို ပြန်လည်ရှင်သန်လာစေသင့်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တာဝန်သိပြီး အဓိပ္ပါယ်ရှိသောဆောင်ရွက်ချက်များကျင့်သုံးရန် တွန်းအားပေးသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။