အမေရိကန်နှင့် ဥရောပကုမ္ပဏီများ အဘယ်ကြောင့် ပထမအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲကို ရွေးချယ်ထားသနည်း

(GMT+08:00)2023-11-30 15:40:59  

 ဒါဟာ ကောင်းမွန်တဲ့ စတင်မှု တစ်ခုပါဟု ဘေကျင်းမြို့ အခြေစိုက် အမေရိကန်ကောက်ပဲသီးနှံကောင်စီရုံး ကိုယ်စားလှယ်ချုပ် Manuel Sanchez သည် ပထမအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲအတွက် မျှော်လင့်ချက်များကို ဖော်ပြခဲ့ပါသည်။
    နိုဝင်ဘာလ ၂၈ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် စတင်ကျင်းပသော ပထမအကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲတွင် အမေရိကန်နှင့် ဥရောပကုမ္ပဏီများစွာ ပါဝင်ခင်းကျင်းပြသရန် ဆွဲဆောင်ပါသည်။ ပြပွဲတွင် ပါဝင်ခင်းကျင်းပြသသည့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ၏ အရေအတွက်သည် မျှော်မှန်းထားသည်ထက် များစွာကျော်လွန်ပြီး   နိုင်ငံခြား ကုမ္ပဏီစုစုပေါင်း၏ ၃၆ရာခိုင်နှုန်း ရှိပါသည်။
    သက်ဆိုင်ရာပညာရှင်များက ဂလိုဘယ်လိုက်ဇေးရှင်း ကျဆင်းလာပြီး ထုတ်လုပ်ရေး ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေသည့် အခြေအနေမျိုးတွင် “ကမ္ဘာကြီးကို ချိတ်ဆက်ပြီး အနာဂတ်ကို အတူတကွဖန်တီးခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသော ယခုအကြိမ်ပြပွဲသည် လက်တွေ့ကျပြီး အဓိပ္ပါယ်ရှိကာ တရုတ်နိုင်ငံမှ တစ်ကမ္ဘာလုံးထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို ကာကွယ် ထိန်းသိမ်းရန် သဘောတရားကို တစ်ကမ္ဘာလုံး စက်မှုကုန်သွယ်ရေးလောကသည် သဘောတူကြသည်ဟု ဝေဖန်သုံးသပ်ကြပါသည်။
    အမေရိကန် Fedex Express Senior ဒုတိယဥက္ကဋ္ဌ Eddy Chan က ဘေးကင်းလုံခြုံပြီး တည်ငြိမ်သော၊ ချောမွေ့ပြီး ထိရောက်သော၊ တံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်သော၊ အပြန်အလှန်အကျိုးရရှိစေသော ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ကို အတူတကွတည်ဆောက်ရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်မှာ မိမိတို့ ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ချက်နှင့် ကိုက်ညီသဖြင့် မိမိတို့သည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် ယုံကြည်စိတ်ကို ပိုမိုခိုင်မာလာစေကြောင်း ပြောကြားခဲ့ပါသည်။
    အမေရိကန်နှင့် ဥရောပကုမ္ပဏီများ တရုတ်နိုင်ငံကို ရွေးချယ်ခြင်းသည် တစ်ကမ္ဘာလုံး ထောက်ပံ့ရေးကွင်းဆက် ခြေလှမ်းမှန်မှန်ဖြင့် လည်ပတ်စေသော တရုတ် ကတိပြုချက်၏ အရေးကြီးပုံကိုလည်း ပြဆိုနိုင်ပါသည်။ ယခုအကြိမ်ပြပွဲမှ ထုတ်ပြန်သော တစ်ကမ္ဘာလုံးထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေးအစီရင်ခံစာ၌ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဈေးကွက် အခွင့်အလမ်းများ၊ ထုတ်လုပ်ရေးအခွင့်အလမ်းများ၊ မူဝါဒအခွင့်အလမ်းများ၊ ဆန်းသစ် တီထွင်ရေးအခွင့်အလမ်းများကို ထောက်ပံ့ပေးကြောင်း ဖော်ပြထားပါသည်။
    ရှုပ်ထွေးလှသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ရင်ဆိုင်နေပြီး တရုတ်စီးပွားရေး၏ ရေရှည်ခိုင်မာမှု၊ အဆက်မပြတ်တိုးချဲ့လာနေသော နိုင်ငံခြားသို့ တံခါးဖွင့်မှု၊ စီးပွားရေး လည်ပတ်မှုပတ်ဝန်းကျင်ကို ကောင်းမွန်တိုးတက်လာစေသော သဘောထားတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ပိုမိုများပြား သော ဖြစ်နိုင်ခြေများကို ထောက်ပံ့ပေးပါသည်။
    တရုတ်နိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများအတွက် ဆွဲဆောင်နိုင်ဆုံးသော ရွေးချယ်မှု ဖြစ်နေသေးကြောင်း ရိုက်တာတသင်းဌာနက နိုဝင်ဘာလ ၂၈ရက်နေ့က ရေးသား ဖော်ပြခဲ့ပါသည်။ တစ်ကမ္ဘာလုံးစီးပွားရေး မရေရာမှု တိုးများလာပြီး စားသုံးသူများ၏ လိုအပ်ချက် ကျဆင်းလာသော အခြေအနေမျိုးတွင် ကုမ္ပဏီများစွာသည် တရုတ်နိုင်ငံကို အစားထိုးလို့ရသော “ထုတ်လုပ်ရေးစင်တာ”ကို ရှာဖို့ ခက်ခဲကြောင်း Bloomberg သတင်းဌာနကလည်း ရေးသားဖော်ပြခဲ့ပါသည်။