ရွှေ့ပြောင်းလို့ မရသော အိမ်နီးချင်း နိုင်ငံ သုံးနိုင်ငံတို့ ခရီးစဉ်သစ် ပြန်လည်စတင်

(GMT+08:00)2023-11-28 14:48:59  

မကြာမီက လေးနှစ်ကြာပြီးနောက် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ ပြန်လည် ဆုံတွေ့ခဲ့ပါသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Busan မြို့မှာ ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် သုံးနိုင်ငံတို့သည် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး သဘောတူညီချက်များကို ရရှိခဲ့ပြီး အတူတကွ အလေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်ချင်း ဖလှယ် ခဲ့ကြပါသည်။ နိုင်ငံတကာ မီဒီယာများက ယခုအကြိမ် သုံးပွင့်ဆိုင် နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသည် လာမည့်အဆင့်ကာလတွင် သုံးနိုင်ငံမှ ခေါင်းဆောင်များ၏ အစည်းအဝေးအတွက် အခြေအနေများ ဖန်တီးပေးလိုက်သည်ဟု ဖော်ပြခဲ့ကြပါသည်။

ယခုအကြိမ် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် အနာဂတ်ရေးကို ရှေးရှုပြီး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်၍ အဆိုပြုချက် ငါးရပ်ကို ဖော်ပြကာ သုံးနိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပရန်၊Big data ၊blockchain ၊ AI စသည့် ရှေ့ပြေး သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အတိုင်းအတာကို တိုးချဲ့ရန်၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး စသည့် နယ်ပယ်များမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ အိမ်နီးနားချင်းနိုင်ငံ အပါအဝင် လိုအပ်ချက်ရှိသည့် နိုင်ငံနှင့် ဒေသများနှင့် ပိုမိုများပြားသော “တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား+X” စီမံကိန်းများ ဖော်ဆောင်ရန် တိုက်တွန်းခဲ့ပါသည်။ ယင်းတို့သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံစလုံး အလေးထားသည့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကြီးမားသော လုပ်ငန်းနယ်ပယ်များ ဖြစ်ပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့က တက်ကြွစွာ တုံ့ပြန်ခဲ့ကြပါသည်။

တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့သည် ရွှေ့ပြောင်းလို့မရသော အိမ်နီးချင်း နိုင်ငံတွေ ဖြစ်သလို ခွဲခွာလို့ မရသော မိတ်ဖက်တွေလည်း ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၂၀ တုန်းက တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ပထမဆုံး ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်သည် ဖွံ့ဖြိုးမှုကို တွန်းအားပေးရန်၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးကို ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းသည် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ မူရင်းစိတ်ပင် ဖြစ်ကြောင်း China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။