ရှီကျင့်ဖိန်သည် ဒုတိယအကြိမ် နိုင်ငံတကာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-11-23 15:29:21  

  နိုဝင်ဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒုတိယအကြိမ် နိုင်ငံတကာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

   သဝဏ်လွှာတွင် ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် နိုင်ငံတကာ ဒစ်ဂျစ်တယ် ကုန်သွယ်မှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတကာ ကုန်သွယ်မှု၏ ခေတ်စားဖွယ်ရာ ဖြစ်လာ ပါကြောင်း၊ ယခုနှစ်များအတွင်း တရုတ်နိုင်ငံသည် စံနှုန်းမြင့် နိုင်ငံတကာ စီးပွားကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများနှင့် ချိတ်ဆက်မှုများကို တက်ကြွစွာ ပြုလုပ်ပြီး ဒစ်ဂျစ်တယ် ကုန်သွယ်မှု စီမံခန့်ခွဲရေး စည်းစနစ်ကို ဘက်စုံ တည်ဆောက်ကာ ဒစ်ဂျစ်တယ် ကုန်သွယ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေး တိုးတက်မှုများကို တွန်းအားပေး၍ တရုတ်ဖွံ့ဖြိုးတိုးတက်မှုသစ်ဖြင့် ကမ္ဘာကြီးအား အခွင့်အလမ်းသစ်များကို စဉ်ဆက်မပြတ် ဖန်တီးပေးခဲ့ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် ကုန်သွယ်မှု ကုန်စည်ပြပွဲ ပလက်ဖောင်းကို ပြည့်ပြည့်ဝဝ အသုံးပြုပြီး အတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အောင်မြင်မှုရလဒ်များ အတူ မျှဝေခံစားခြင်းတို့ကို ဖော်ဆောင် ပေးကာ ဒစ်ဂျစ်တယ် ကုန်သွယ်မှုကို အတူ ဖွံ့ဖြိုးတိုးတက်မှု၏ အင်ဂျင်သစ် အဖြစ် လက်တွဲ တည်ဆောက်ပေး၍ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအားသစ် ထည့်သွင်းပေးရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

   ဒုတိယအကြိမ် နိုင်ငံတကာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့က ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် ဒစ်ဂျစ်တယ် ကုန်သွယ်မှုဖြင့် ကမ္ဘာတစ်ဝှမ်းကို ဆက်နွှယ်ထားခြင်း ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။