ရှီကျင့်ဖိန်သည် BRICS နိုင်ငံ ခေါင်းဆောင်များ ပါလက်စတိုင်းနှင့်အစ္စရေး ရေးရာ အထူး ဗီဒီယို ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2023-11-22 09:32:51  

   နိုဝင်ဘာလ ၂၁ ရက်နေ့ညက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း၌ BRICS နိုင်ငံ ခေါင်းဆောင်များ ပါလက်စတိုင်းနှင့်အစ္စရေး ရေးရာ အထူး ဗီဒီယို ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကာ “အပစ်အခတ် ရပ်စဲရေးကို တွန်းအားပေးပြီး ရေရှည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အကောင်အထည်ဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က မျက်မှောက် အခြေအနေတွင် BRICS နိုင်ငံများသည် ပါလက်စတိုင်းနှင့် အစ္စရေး ရေးရာနှင့် ပတ်သက်ပြီး တရားမျှတသောအသံ၊ ငြိမ်းချမ်းရေးအသံကို ဖော်ပြခြင်းသည် လွန်စွာ အချိန်မီ ဖြစ်ပြီး လွန်စွာ လိုအပ်ပါကြောင်း၊ ဂါဇာဒေသ အငြင်းပွားမှုသည် တစ်လကျော်ကြာ ဖြစ်ပွားခဲ့ပြီ ဖြစ်ပြီး အရပ်သူအရပ်သား အမြောက်အမြား သေကျေဒဏ်ရာရရှိစေခဲ့ပြီး လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးအန္တရာယ်များကိုလည်း ဖြစ်စေခဲ့ကာ တိုးပွားနိုင်ဖွယ်ရာများလည် ပေါ်ထွက်နေ၍ တရုတ်ပြည်ဘက်သည် ယင်းကို လွန်စွာ အရေးပြုနေကြောင်း၊ လက်ရှိ အရေးအကြီးဆုံး အကြောင်းသည် တစ်အချက်က  အငြင်းပွားရာ ဘက်အသီးသီးတို့ အမြန်ဆုံး အပစ်အခတ် ရပ်စဲပြီး အရပ်သူအရပ်သားများကို ရည်ရွယ်သည့် အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှု မှန်သမျှကို ရပ်စဲ၍ ချုပ်နှောင်ထားသော အရပ်သူအရပ်သားများကို လွှတ်ပေးရန် ဖြစ်ကြောင်း၊ နှစ်အချက်က လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး ဖြတ်လမ်း၏ လုံခြုံရေးနှင့် အဟန့်အတား ကင်းမဲ့ရေးကို အာမခံ ပေးရပြီး ဂါဇာ အရပ်သူအရပ်သားများအား ပိုမို များပြားသော လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ရေးကို ပံ့ပိုးပေး၍ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း၊ ရေဖြတ် မီးဖြတ် လောင်စာဆီဖြတ် စသည့် ဂါဇာ အရပ်သူအရပ်သားများကို ရည်ရွယ်သည့် စုပေါင်းဒဏ်ခတ်မှုများကို ရပ်တန့်ရန် ဖြစ်ကြောင်း၊ သုံးအချက်က နိုင်ငံတကာ မိသားစုကြီး အနေနှင့် အငြင်းပွားမှု ပိုမို မဆိုးရွားလာအောင် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံး၏ တည်ငြိမ်မှုကို ဆိုးကျိုး မဖြစ်စေဖို့ နိုင်ငံတကာ မိသားစုကြီးက လက်တွေ့ ဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လက်တွေ့ကျ ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ပါလက်စတိုင်းနှင့် အစ္စရေး အငြင်းပွားမှုများ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းကို ဖြေရှင်းရန် အရင်းခံ လမ်းကြောင်းသည် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ကို ဖော်ဆောင်ပြီး ပါလက်စတိုင်း အမျိုးသား၏ တရားဝင် အခွင့်အရေးကို ပြန်လည် ရရှိစေကာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ရန် ဖြစ်ကြောင်း၊ ပါလက်စတိုင်း ပြဿနာကို တရားမျှတစွာ ဖြေရှင်းခြင်း မရှိပါက အရှေ့အလယ်ပိုင်းတွင် ရေရှည် ငြိမ်းချမ်းတည်ငြိမ်ရေး ရှိမည် မဟုတ်ကြောင်း၊ ယခုအကြိမ် ပါလက်စတိုင်းနှင့် အစ္စရေး အငြင်းပွားမှု ဖြစ်ပွား ခဲ့သည့် နောက်ပိုင်း တရုတ်ပြည်ဘက်သည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်နှင့် အပစ်အခတ် ရပ်စဲနိုင်ရန် တက်ကြွစွာ တွန်းအားပေးပြီး ဂါဇာဒေသသို့ အရေးပေါ် လူသားချင်း စာနာထောက်ထားရေး ထောက်ပံ့ကူညီမှုများကို ပံ့ပိုးပေးကာ  ဂါဇာ ပြည်သူများ၏ လိုအပ်ချက်အရ ကူညီထောက်ပံ့ရေးပစ္စည်းများကို ဆက်လက် ပံ့ပို့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

   ယခုအကြိမ် ထိပ်သီးအစည်းအဝေးကို တောင်အာဖရိက သမ္မတ ရာမာဆိုစာက ကြီးမှူး ကျင်းပပြီး ဘရာဇီးနိုင်ငံ သမ္မတ လူလာ၊ ရုရှားသမ္မတ ပူတင်၊ ဆော်ဒီအာရေဗျ ရှေ့နေမင်းသားကြီး မူဟာမက်၊ အီဂျစ် သမ္မတ ဆေစီ၊ အီရန် သမ္မတ လေဟီ၊ အာရပ်စော်ဘွားများ နိုင်ငံ သမ္မတ မူဟာမက်၊ အီသီယိုပီးယား သမ္မတ အာဘီနှင့် အိန္ဒိယ၊ အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးများသည်လည်း ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။