နိုဝင်ဘာလ ၂၀ရက်နေ့က တရုတ်-ရုရှား အာဏာရပါတီများ ဆွေးနွေးခြင်း စနစ် ဒဿမ အကြိမ်မြောက် အစည်းအဝေးကို ဗီဒီယိုပုံစံဖြင့် ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှားပြည်ထောင်စုနိုင်ငံသမ္မတ ပူတင်တို့သည် အစည်းအဝေးထံသို့ ဂုဏ်ပြုသဝဏ်လွှာ အသီးသီးပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီနှင့် စည်းလုံးညီညွတ်သောရုရှား(United Russia) ပါတီအကြားရှိ ကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုသည် ခေတ်သစ် တရုတ်-ရုရှား ဆက်ဆံရေး၏ အရေးကြီးအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-ရုရှား အာဏာရပါတီများ ဆွေးနွေးခြင်း စနစ်သည် နှစ်နိုင်ငံအတွက် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ရင်းနှီးစေကာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးသော သီးသန့်နည်းလမ်းနှင့်ပလက်ဖောင်းဖြစ်လာပြီ ဖြစ်ကြောင်း သဝဏ်လွှာတွင် ပြောကြားထားပါသည်။
ပူတင်က ရုရှား-တရုတ် အာဏာရပါတီများ ဆွေးနွေးခြင်း စနစ် ဒဿမ အကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးရန်အကြောင်းအရာများသည် အနှစ်သာရရှိပြီး အပြု သဘောဆောင်ကာ ရုရှား-တရုတ်အကြားရှိ အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး တွန်းအားပေးပြီး နက်ရှိုင်းစေနိုင်မည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာတွင် ပြောကြားထား ပါသည်။