စတုတ္ထ ၃လပတ်တွင် တရုတ်စီးပွားရေး ကောင်းမွန်လာသော အခြေအနေကို ဆက်လက်ထိန်းထားမည်ဟု တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-15 13:13:23  

အကြိမ် ၃၀မြောက် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို နိုဝင်ဘာလ ၁၂ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်နိုင်ငံ San Franciscoမြို့၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေး သည် ကမ္ဘာတစ်ဝှမ်းနှင့်ဒေသတွင်း စီးပွားရေးနှင့်ဘဏ္ဍာရေးအခြေအနေ၊ ခေတ်မီ ထောက်ပံ့ရေး ဆိုင်ရာ စီးပွားရေးပညာ၊ ရေရှည်တည်တံ့သောဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှု စသော အကြောင်းအရာများနှင့်ပတ်သက်၍ အဓိကဆွေးနွေးကြကြောင်း တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ နောက်ဆုံးသတင်းကိုကိုးကား၍ China Media Groupက ရေးသားဖော်ပြ ပါသည်။

တရုတ်ဘဏ္ဍာရေးဝန်ကြီး Lan Fo’anက လက်ရှိ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေး အရှိန် မတည်မငြိမ်ဖြစ်ပြီး အားနည်းလာကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွား၍ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးတာဝန် ကြီးမားခက်ခဲကြောင်း၊ ဘက်အသီးသီးတို့ သည် macroစီးပွားရေးမူဝါဒဆိုင်ရာညှိနှိုင်းမှုကို အားဖြည့်ဆောင်ရွက်သင့်ပြီး ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လွတ်လပ်စွာ ဆောင်ရွက်ရေးနှင့် အဆင်ပြေစေရေးကို တွန်းအားပေးသင့်ကာ ပိုမိုရင်းနှီးသော ဒေသတွင်း စက်မှုလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်များကို ထူထောင်ပြီး တံခါးဖွင့်သော အာရှ-ပစိဖိတ် နှင့် ကမ္ဘာ့စီးပွားရေးကို အတူထူထောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။