တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များသည် တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ပတ်သက်သော မဟာဗျူဟာမြောက် ကိစ္စရပ်များ၊ အလုံးစုံ ကိစ္စရပ်များနှင့် ဦးတည်ချက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-11-13 23:15:41  

 နိုဝင်ဘာလ ၁၃ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်-အမေရိကန်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲနှင့် ပတ်သက်သော သတင်းထောက်များ၏ မေးမြန်းချက်များကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖြေကြားရာတွင် တရုတ်-အမေရိကန်နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ပတ်သက်သော မဟာဗျူဟာမြောက် ကိစ္စရပ်များ၊ အလုံးစုံ ကိစ္စရပ်များနှင့် ဦးတည်ချက်ဆိုင်ရာ ကိစ္စရပ်များကို လေးနက်စွာ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီးပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြမည် ဖြစ်ကြောင်း ပြောကြားပါသည်။
  ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ ဖော်ပြထားသော တစ်ဦးကိုတစ်ဦးကလေးစားခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေခြင်းဟူသော မူ၃ရပ်ဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေးကို အမြဲတစေ ရှုမြင်ကာ ကိုင်တွယ်ဖြေရှင်းကြောင်း၊ အမေရိကန်နိုင်ငံအား စစ်အေးသစ်ကို မရှာကြံခြင်း၊ တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန်ဆန္ဒမရှိခြင်း ဟူသော ကတိပြုချက်များကို လက်တွေ့ကျအကောင်အထည်ဖော်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။
 ဆက်လက်ပြီး မော်နင် က ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စ ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရေးသည် တရုတ်ပြည်သူတို့၏ကိစ္စဖြစ်ပြီး ပြင်ပအင်အား ဝင်ရောက်စွက်ဖက်၍ မရကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူဝါဒကို ထိရောက်တိကျစွာ လိုက်နာပြီး လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ထိုင်ဝမ်သီးခြားတည်ရှိရေးကို ဆန့်ကျင်ရန် လိုကြောင်း ပြောကြား ပါသည်။
တရုတ်နိုင်ငံအနေဖြင့် တောင်ပင်လယ်ပြဿနာနှင့် ပတ်သက်သော အနှစ်သာရနှင့် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ရှင်းလင်းဖော်ပြခဲ့ ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် အကြောင်းပြချက်များ ဖန်တီးခြင်းနှင့် တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား နယ်နိမိတ်နှင့် ပင်လယ်သမုဒ္ဒရာ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းများကို ရပ်တန့်သင့်ကြောင်း၊ သက်ဆိုင်ရာ ပြဿနာများကို အကြောင်းပြုပြီး တရုတ်နိုင်ငံကို တားဆီးပိတ်ဆို့မှု မပြုသင့်ကြောင်း ပြောကြားပါသည်။
ယခု ကမ္ဘာကြီးသည် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုကို လွန်စွာ ဂရုစိုက်နေကြောင်း၊ တရုတ်နိုင်ငံသည် တရားမျှတမှုဘက်တွင် အမြဲတမ်းရပ်တည်ပြီး သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် ရင်းနှီးစွာ ဆက်သွယ်ကာ အခြေအနေ တင်းမာမှု လျှော့ပါးစေရန်၊ အရပ်သူအရပ်သားများ ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံအား တရားမျှတသောရပ်တည်ချက်ကို စွဲကိုင်ထားပြီး အမြန်ဆုံး အပစ်အခတ် ရပ်စဲရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။