လီချန်သည် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဓိကမိန့်ခွန်း ပြောကြား

(GMT+08:00)2023-11-06 16:05:19  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၅ရက်နေ့က ရှန်ဟိုင်းမြို့ တွင် ကျင်းပသော ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲနှင့် ဟုံချောင် နိုင်ငံတကာ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဓိကမိန့်ခွန်း ပြောကြားခဲ့ပါသည်။
   လီချန်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် ကုန်စည်ပြပွဲ ထံသို့ စာတစ်စောင် ပေးပို့ရာ တရုတ်နိုင်ငံသည် အဆင့်အတန်းမြင့်မားသော တံခါးဖွင့်ရေးကို မြှင့်တင်ပြီး တံခါးဖွင့်ပုံစံ ကမ္ဘာ့စီးပွားရေးကို ထူထောင်မှု တွန်းအားပေးရန် ခိုင်မာသော သန္နိဋ္ဌာန်ကို ထပ်လောင်း အတည်ပြု ဖော်ပြခဲ့ကြောင်း၊ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ကျင်းပလာကတည်းက နိုင်ငံတကာဝယ်ယူရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ၄ခု၏ အခန်းကဏ္ဍကိုအဆက်မပြတ် မြှင့်တင်လာကြောင်း၊ တစ်ကမ္ဘာလုံး မျှဝေခံစားသော နိုင်ငံတကာ အများသုံးပစ္စည်းများ၏ အခန်းကဏ္ဍသည် ပိုမိုသိသာထင်ရှားလာကြောင်း ပြောကြားခဲ့ပါသည်။
   လီချန်က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးနှင့်အတူ တံခါးဖွင့်သည့် ဇာတ်ခုံကြီးပေါ်တွင် တူညီသောရည်ရွယ်ချက်အတိုင်း ကြိုးပမ်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ဈေးကွက်အခွင့်အလမ်း ပိုမိုကြီးမား”သော တံခါးဖွင့်ရေးကို ဆက်တိုက်မြှင့်တင်ပြီး ကမ္ဘာကြီးအတွက် ပိုမိုကြီးမားသည့် ဈေးကွက်အမြတ်များကို ဆက်လက် ဖန်တီးမည် ဖြစ်ကြောင်း၊ “စည်းမျဉ်းစည်းကမ်း ချိတ်ဆက်မှု ပိုမိုကောင်းမွန်”သော တံခါးဖွင့်ရေးကို ဆက်တိုက်မြှင့်တင်ပြီး ပိုမိုများပြားသည့် အဆင့်မြင့် တံခါးဖွင့်ရေး ပလက်ဖောင်းများကို ဖန်တီးကာ ဈေးကွက်ဝင်ခွင့်ပြုမှုကို တစ်ဆင့်တက် ပိုမို ချောင်လည်အောင် ဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း၊ “တီထွင်ဆန်းသစ်မှုစွမ်းအား ပိုမိုပြည့်ဝ”သော တံခါးဖွင့်ရေးကို ဆက်တိုက်မြှင့်တင်ပြီး တစ်ကမ္ဘာလုံး တီထွင်ဆန်းသစ်ရေးကွန်ရက်တွင် ပိုမိုတက်ကြွစွာ ပါဝင်မည် ဖြစ်ကြောင်း၊ “အားလုံးပါဝင်နိုင်မှုနှင့် မျှဝေခံစားမှု ပိုမိုအားကောင်း”သော တံခါးဖွင့်ရေးကို ဆက်တိုက်မြှင့်တင်ပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အာဏာသက်ရောက်မှုကို အခိုင်အမာ ကာကွယ်ကာ “Belt and Road” ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် အဆင့်အတန်းမြင့်မားသောစနစ်ပုံစံဖြစ်သည့် တံခါးဖွင့်ရေးကိုလည်း မြှင့်တင်မည် ဖြစ်ကြောင်း၊ ရှန်ဟိုင်းမြို့တွင် “ပိုးလမ်းမကြီးအီးကုန်သွယ်မှု” ပူးပေါင်းဆောင်ရွက်ရေးရှေ့ပြေးဇုန်ကိုထူထောင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
  သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ၊ ကျူးဘားဝန်ကြီးချုပ် Manuel Marrero Cruz ၊ ကာဇက်စတန်ဝန်ကြီးချုပ် AlikhanSmailov ၊ ဆာဗီးယားဝန်ကြီးချုပ် Ana Brnabic၊ အီရန်ဒုတိယသမ္မတ(၁) Mohammad Mokhberနှင့် တောင်အာဖရိကဒုတိယသမ္မတ Paul Mashatileတို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။