ရှီကျင့်ဖိန်သည် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ စာ တစ်စောင် ပေးပို့

(GMT+08:00)2023-11-05 13:00:11  

   နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ စာ တစ်စောင် ပေးပို့ခဲ့ပါသည်။

   ၂၀၁၈ ခုနှစ်ကစပြီး နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ငါးကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်ဈေးကွက်ကြီး၏ အားသာချက်ကို အခြေခံပြီး နိုင်ငံတကာ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် ပလက်ဖောင်းများ၏ စွမ်းဆောင်ရည်များကို ဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် ပိုမို လျင်မြန်စွာ တည်ဆောက်ရေးနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု တွန်းအားပေးရေးအတွက် အပြုသဘော ဆောင်သော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ရှီကျင့်ဖိန်၏ စာထဲတွင် ရေးသား ဖော်ပြထားပါသည်။

   ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူခြင်းသည် အားနည်းနေပြီး နိုင်ငံ အသီးသီးတို့ အနေနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ ဖွံ့ဖြိုးတိုးတက်ခြင်းကို အတူ ရှာကြံရန် လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးကြီး အခွင့်အလမ်း အစဉ်တစိုက် ဖြစ်သွားမည် ဖြစ်ပြီး အရည်အချင်းမြင့် တံခါးဖွင့်ရေးကို ပြတ်ပြတ်သားသား တွန်းအားပေးမည် ဖြစ်၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ပိုမို တံခါးဖွင့်၊ ပိုမို သက်ညှာထောက်ထား၊ ပိုမို ညီမျှ၊ ပိုမို အပြန်အလှန် အကျိုးရှိစေရေး ဦးတည်ချက် အတိုင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်တိုက် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

   ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ၅ ရက်နေ့က ရှန်ဟိုင်း၌ ဖွင့်လှစ်ခဲ့ပြီး ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် “ခေတ်သစ်တွင် အနာဂတ်ကို အတူ မျှဝေခြင်း" ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။