ဂျပန်၏ ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ တတိယအကြိမ် စွန့်ပစ်ခြင်းနှင့်ပတ်သက်ပြီး တရုတ် တုန့်ပြန်ပြောကြား

(GMT+08:00)2023-11-03 14:05:49  

        နိုဝင်ဘာလ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပုံမှန်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သတင်းထောက်တစ်ဦးက ထိုနေ့မှစ၍ ၂၀ ရက်နေ့အထိ ဂျပန် တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီသည် ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေကို ပင်လယ်ထဲသို့ တတိယအကြိမ် စွန့်ပစ်ပြီး နျူကလီးယား ညစ်ညမ်းရေ တန်ချိန် ၇၈၀၀ ခန့် စွန့်ပစ်ရန် စီစဉ်ထားခြင်းနှင့်ပတ်သက်ပြီး တရုတ်ဘက်က မည်သို့ သုံးသပ်သနည်းဟု မေးမြန်းခဲ့သည်။

        ဝမ်ဝင်ပင်က ဂျပန်နိုင်ငံသည် ပြည်တွင်းပြည်ပမှ ဆန့်ကျင်မှုများကို လျစ်လျူရှုပြီး ဖူကူရှီးမား နျူကလီးယား ညစ်ညမ်းရေ တန်ချိန် ၁၅၆၀၀ ကို ပစိဖိတ်သမုဒ္ဒရာထဲသို့ စွန့်ပစ်နေပြီဖြစ်ကြောင်း၊ ယင်းသည် ညစ်ညမ်းမှုအန္တရာယ်ကို ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြောင်ပြောင်တင်းတင်း လွှဲချခြင်းဖြစ်ပြီး တာဝန်မဲ့ လုပ်ရပ်ပင်ဖြစ်ကြောင်း၊ မကြာခင်ရက်များက ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် ဖြစ်ပွားခဲ့သည့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ရေစင်ခြင်း အရေးကိစ္စသည် နျူကလီးယား ညစ်ညမ်းရေ စွန့်ပစ်မှု ဆောင်ရွက်နေသော ဂျပန် တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ အတွင်း စီမံခန့်ခွဲမှု ရှုပ်ထွေးပြီး ဖုံးကွယ်ခြင်းနှင့် လှည့်ဖြားခြင်းများကို ကျင့်သားရကာ ဂျပန်ဘက်က ကျေညာခဲ့သော "ဘေးကင်းပြီး ပွင့်လင်းမြင်သာ"သော ပင်လယ်ထဲသို့ စွန့်ပစ်မှု အစီအစဉ် ယုံကြည်စိတ်ချစရာ လုံးဝမရှိခြင်းကို ထပ်ခါတလဲလဲ သက်သေပြထားကြောင်း၊  ဂျပန်သည် နိုင်ငံတကာမိသားစုကြီး၏ ယေဘုယျကျသော စိုးရိမ်ပူပန်မှုများကို မှန်ကန်စွာ ရှုမြင်ပြီး သက်ဆိုင်ရာ ဘက်များ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် အပြည့်အဝ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကာ တာဝန်ယူတတ်သော နည်းလမ်းဖြင့် နျူကလီးယား ညစ်ညမ်းရေကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ဖြေကြားခဲ့သည်။