ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဇင်အိုင် သန္တာကျောက်တန်း ပြဿနာ ဆိုင်ရာ ကြေညာချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တုံ့ပြန်ပြောဆို

(GMT+08:00)2023-08-09 15:38:10  

 

  ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် သြဂုတ်လ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြီး တရုတ် ပင်လယ် ရဲ တပ်က ဇင်အိုင် သန္တာကျောက်တန်း၌ ‘သောင်တင်’နေသော စစ်သင်္ဘောအား ထောက်ပံ့ ပစ္စည်များ ပို့ဆောင်ပေးသော ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောနှင့် ပင်လယ်ရဲတပ် သင်္ဘောအား တားမြစ်ပြီး မီးသတ်ပိုက်ဖြင့် ရေဖျန်း တိုက်ခိုက်နှောင့်ယှက်ခြင်းသည် ကုလသမဂ္ဂ ပင်လယ်ရေးရာ ဥပဒေ အထွေထွေ သဘောတူညီချက်နှင့် တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်ကို ဖောက်ဖျက်သည်ဟု ဖော်ပြခဲ့သည်။

   ယင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဖိလစ်ပိုင်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ ဇင်အိုင် သန္တာကျောက်တန်းသည် တရုတ်နိုင်ငံ နန်ဆား ကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် ယင်း သန္တာကျောက်တန်းတွင် ‘သောင်တင်’ နေသည့် စစ်သင်္ဘောကို ဆွဲသွားမည်ဟု အကြိမ်ပေါင်းများစွာ ကတိပြုခဲ့ကြောင်း၊ သို့သော် ၂၄ နှစ် ကြာမြင့်ခဲ့ပေမဲ့ ဖိလစ်ပိုင်သည် စစ်သင်္ဘောကို ဆွဲသွားခြင်း မရှိဘဲ ယင်းသင်္ဘောကို အတိုင်းအတာ ကြီးမားစွာ မွမ်းမံ ပြုပြင်ပြီး သန္တာကျောက်တန်းကို ရေရည် သိမ်းပိုက်ရန် ကြံဆကြောင်း၊ ဖိလစ်ပိုင်၏ ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ ချုပ်ဆိုခဲ့သည့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်ခဲ့ကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက် ဟူခြင်းသည် ကုလသမဂ္ဂ ပင်လယ်ရေးရာ ဥပဒေ သဘောတူညီချက် အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်သဖြင့် တရားမဝင် ဖြစ်၍ အာဏာ သက်ရောက်မှု မရှိခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းစီရင်ဆုံးဖြတ်ချက်ကို အသိအမှတ် မပြု၊ လက်မခံကြောင်း၊ တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ပင်လယ်ပြင် အငြင်းပွားမှု ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အရေးကြီးသည့် သဘောတူညီမှုကို ရရှိ ခဲ့ဖူးကြောင်း၊ တရုတ်နိုင်ငံသည် တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် ဖိလစ်ပိုင်နှင့် ပင်လယ် ရေးရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး နှစ်ဖက်ဆက်ဆံမှုနှင့် ပင်လယ်ပြင် အခြေအနေ တည်ငြိမ်မှုကို လက်တွဲ ထိန်းသိမ်းလိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။