“ရာဇဝင်ထဲက မီယွဲ့ဧကရီ”ဇာတ်လမ်းတွဲဆိုင်ရာပြိုင်ပွဲ

(GMT+08:00)2023-06-05 14:54:29  

ဇာတ်လမ်း Z-Lann page နှင့် CMG တို့ပူးပေါင်းပြီး  မကြာခင်မှာ ပရိသတ်တို့အတွက် သုတရသ အစုံအလင်ပေးမဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” မြန်မာဘာသာပြန် အသံဇာတ်လမ်းတွဲကို တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီဝတ္ထုဇာတ်လမ်းကို CMG ကနေအဓိကကူညီပံ့ပိုးပေးပြီး   ဇာတ်လမ်း Z-Lann page ကနေ ဦးဆောင်ထုတ်လုပ်သွားမယ့် ဒီအသံဇာတ်လမ်းတွဲမှာ ပါဝင်မယ့် အသံသရုပ်ဆောင်များနှင့် ဘာသာပြန်ရေးသားသူများကို ၁၇ရက် မေလ ၂၀၂၃ မှ ၃၀ ရက် ဇွန်လ ၂၀၂၃ အတွင်း  ပြိုင်ပွဲများ စီစဉ်ကျင်းပပြီး ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။

 

သင်က နိုင်ငံတကာမှဇာတ်ကားကောင်းတွေ၊ ဇာတ်လမ်းတွဲတွေကို ဘာသာပြန်ဆိုရေးသားရတာ စိတ်ပါဝင်စားပြီး သင့်မှာရှိနေတဲ့ ဘာသာပြန်စွမ်းရည်တွေကို လူအများရှေ့ထုတ်ဖော်ချပြချင်သူ ဒါမှမဟုတ် အသံသရုပ်ဆောင်ပညာကို အရူးအမူးဝါသနာပါပြီး စိန်ခေါ်မှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ကြုံတွေ့ချင်သူတစ်ယောက်ဆိုရင်တော့ ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ပါဘူး။

လောကကြီးကိုပြောင်းလဲမဲ့ အတိတ်နိမိတ်တွေနဲ့အတူ ချူနိုင်ငံမှာမွေးဖွားလာခဲ့ပေမဲ့ ချူဘုရင်မကြောင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဖြစ်အင်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အပြင် အချစ်ဦးနဲ့လည်းကွဲကွာခဲ့ရပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် ချင်နိုင်ငံဆီကို ကိုယ်လုပ်တော် အဖြစ် စေလွှတ်ခံခဲ့ရတဲ့ မင်းသမီးငယ်လေး မီယွဲ့…။ချင်နိုင်ငံကိုရောက်ရှိပြီးနောက်မှာလည်း မောင်းမမိဿံတွေဆီက မနာလိုတိုက်ခိုက်မှုတွေကိုရရှိခဲ့ပြီး ရှုပ်ထွေးပွေလီလွန်းလှတဲ့ နန်းတွင်းအရှုပ်တော်ပုံကိစ္စတွေအကြားမှာ ခက်ခက်ခဲခဲရင်ဆိုင်ရှင်သန်ခဲ့ရသူ မီယွဲ့… ။ပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ ချင်နိုင်ငံတော်ကြီးကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပြန်လည်စုစည်းအုပ်ချုပ်ပြီး သားဖြစ်သူကို ရှင်ဘုရင်အဖြစ် ထီးနန်းပေးခဲ့တာကြောင့် သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဘုရင့်မယ်တော်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မီယွဲ့ရဲ့ဘဝဇာတ်ကြောင်းကို ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်မာစွာနဲ့ ပုံဖော်ထားတဲ့ “ရာဇဝင်ထဲက မီယွဲ့ဧကရီ” ဇာတ်လမ်းတွဲ ... ။

 

ရင်သပ်ရှုမောစရာကောင်းလှတဲ့ ဒီဇာတ်လမ်းတွဲကြီးကိုတော့ ဇာတ်လမ်း Z-Lann ကနေ ဘာသာပြန်အသံဇာတ်လမ်းတွဲအဖြစ် ထုတ်လုပ်သွားမှာဖြစ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားက တရုတ် - မြန်မာဘာသာပြန်ရေးသားသူတွေ၊ အသံသရုပ်ဆောင်ဝါသနာရှင်တွေကို ပြိုင်ပွဲကျင်းပပြီး ရွေးချယ်ခေါ်ယူသွားမှာဖြစ်ပါတယ်။

 

ဒီပြိုင်ပွဲမှာ “ဘာသာပြန်ပြိုင်ပွဲ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ချင်ကြတဲ့သူတွေကတော့ “ဇာတ်ညွှန်းပုံစံရယူရန်” ဆိုတဲ့ Link ကနေတစ်ဆင့် ပြန်ဆိုရေးသားရမဲ့ ဇာတ်ညွန်းဖိုင်ကိုရယူပြီး မိမိကိုယ်တိုင် ဘာသာပြန်ဆိုရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ အဆိုပါဘာသာပြန်ဇာတ်ညွှန်းဖိုင်ကို ပြိုင်ပွဲဝင်ဖောင် Link ကနေတစ်ဆင့် ပေးပို့လျှောက်ထားရမှာပါ။

ပြိုင်ပွဲဝင်တွေ ပေးပို့လာတဲ့ဇာတ်ညွှန်းတွေကိုတော့ ဇာတ်လမ်း Z-Lann မှ တာဝန်ရှိသူတွေက ရွေးချယ်အကဲဖြတ်ပေးသွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ဆန်ကာတင် ၁၀ ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။

အဲဒီလိုရွေးချယ်ခံရသူတွေကတော့ ဒုတိယအဆင့်ဖြစ်တဲ့ လူတွေ့စစ်ဆေးဖြေဆိုခြင်းကို ပြုလုပ်သွားရမှာဖြစ်ပြီး အဲဒီထဲကမှ အကောင်းဆုံး ၃ ဦးကိုတော့ တစ်ဦးလျှင် ဆုကြေးငွေ မြန်မာငွေ တစ်သိန်းခွဲစီ ဆုလက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

--------------------------------------------------------

“ရာဇဝင်ထဲက မီယွဲ့ ဧကရီ” မြန်မာဘာသာပြန်အသံဇာတ်လမ်းတွဲမှာ ပါဝင်ကြမဲ့ အသံသရုပ်ဆောင်တွေကိုတော့ ပြိုင်ပွဲလေးတစ်ခုကျင်းပပြီး ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲလေးက အသံသရုပ်ဆောင်ဝါသနာပါသူတွေ (သို့မဟုတ်) အသံသရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်ဖို့အခွင့်အလမ်းတွေ ရှာဖွေနေသူအတွက်တော့ အခွင့်အလမ်းကောင်းလေးတစ်ခုဖြစ်မှာပါ။

ဒီပွဲမှာပါဝင်ယှဉ်ပြိုင်လိုကြသူတွေအနေနဲ့ကတော့ ဇာတ်လမ်း Z-Lann ကနေ ဖော်ပြပေးထားတဲ့ ဘာသာပြန်ဇာတ်ညွှန်းကို အသံဇာတ်လမ်းဇာတ်ညွှန်းအဖြစ် ရေးသားပြင်ဆင်ပြီး အသံသရုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။ ဒီလိုအသံသရုပ်ဆောင်တဲ့အခါမှာ ဖုန်းကင်မရာ (သို့မဟုတ်) မိမိကြိုက်နှစ်သက်တဲ့ ဗီဒီယိုကင်မရာနဲ့ အသံသွင်းရိုက်ကူးနိုင်ပြီး အဲဒီနောက်မှာတော့ မိမိပြင်ဆင်ရေးသားထားတဲ့ အသံဇာတ်လမ်းဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ အသံသရုပ်ဆောင်ဗီဒီယိုဖိုင်တို့ကို ပြိုင်ပွဲဝင်ဖောင် Link ကနေတစ်ဆင့် ပေးပို့လျှောက်ထားရမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေဘက်က ပေးပို့လာတဲ့ အသံဇာတ်လမ်းဇာတ်ညွှန်းဖိုင်တွေနဲ့ ဗီဒီယိုဖိုင်တွေကိုတော့ ဇာတ်လမ်း Z-Lann မှတာဝန်ရှိသူတွေက စိစစ်ရွေးချယ်ပေးသွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ ဆန်ကာတင် ၁၀ ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်ခံရသူတွေကတော့ ဒုတိယအဆင့်ဖြစ်တဲ့ လူတွေ့အင်တာဗျူးကိုလာရောက်ပြီး အသံဇာတ်လမ်းထုတ်လုပ်ရေးအဖွဲ့အရှေ့မှာ တစ်ဦးချင်းဆိုသလို အသံသရုပ်ဆောင်ရမှာပါ။

အဲဒီပြိုင်ပွဲဝင်တွေထဲက သုံးဦးကိုတော့ ပထမဆု - ၃ သိန်း၊ ဒုတိယဆု - ၂ သိန်းနဲ့ တတိယဆု - ၁ သိန်းကျပ်တို့ကို အသီးသီးဆုချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အောက်မှာပါဝင်တဲ့ Link ကနေတစ်ဆင့် ဖတ်ရှုလေ့လာနိုင်ပါတယ်။ အောက်ကဗီဒီယိုလေးထဲမှာလည်း ပြိုင်ပွဲအကြောင်းကို သေသေချာချာရှင်းလင်းပြောပြပေးထားတာမို့လို့ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒီပြိုင်ပွဲလေးက အသံသရုပ်ဆောင်ဝါသနာရှင်တွေအတွက် အတွေ့အကြုံအသစ်တွေရရှိစေနိုင်မဲ့ အခွင့်အလမ်းတစ်ခုဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်ကြဖို့အတွက်ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

 

ပါဝင်ယှဉ်ပြိုင်ချင်သူများအနေနဲ့ကတော့ အောက်မှာပါဝင်တဲ့ Link တွေကနေတစ်ဆင့် ပြိုင်ပွဲနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အကြောင်းအရာအချက်အလက်တွေကို ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကိုတော့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နေ့လယ်၁၂ နာရီအထိ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါတယ်။

အသံသရုပ်ဆောင်လျှောက်ထားလိုသူများအတွက် - https://bit.ly/3oagSZY

ဘာသာပြန်လျှောက်ထားလိုသူများအတွက် - https://bit.ly/41Rdpxc