ပင်လယ်ထဲသို့ ဖူကူရှီးမား နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းကို အမွှမ်းတင်ရန် ဂျပန် နိုင်ငံရေး သမား၏ ကြံစည်ချက် ထပ်မံ ပျက်ပြား

(GMT+08:00)2023-05-23 16:10:12  

မကြာခင်က ကျင်းပခဲ့သော G7 ထိပ်သီး အစည်းအဝေးတွင် ပင်လယ်ထဲသို့ ဖူကူရှီးမား နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းကို အမွှမ်းတင်ရန် ဂျပန် နိုင်ငံရေး သမားများ၏ ကြံစည်ချက် ထပ်မံ ပျက်ပြားခဲ့ပါသည်။ ကန့်ကွက်သံ အလွန် ကျယ်လောင်သောကြောင့် ယခု အကြိမ် ထိပ်သီးအစည်းအဝေး၏ ပူးတွဲ ကြေညာချက်တွင် ဂျပန်၏ ပင်လယ်ထဲသို့ နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းကို “ကြိုဆို”ဟူသော ဝေါဟာရ အသုံးအနှုန်း ထည့်သွင်းရေးသားခြင်းမရှိဘဲ “နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီမှ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် အားပေးထောက်ခံသည်”ဟုသာ ရေးသားဖော်ပြကြောင်း သိရပါသည်။

လွန်ခဲ့သည့် ၂နှစ်ကျော်တွင် ဂျပန် ပြည်သူများ၊ တရုတ်၊ တောင်ကိုရီးယား စသည့် ဂျပန်၏ အိမ်နီးချင်းနိုင်ငံများနှင့် ပစိဖိတ် ကျွန်းနိုင်ငံများသည် ဂျပန်နိုင်ငံ၏ ၄င်းစီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်ကြပြီး ဂျပန်ဘက်အား မှန်ကန်သော နည်းလမ်းဖြင့် နျူကလီးယား ရေဆိုးကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုခဲ့ကြပါသည်။

ပိုမိုများပြားသည့် သုတေသနပြုမှုများအရ ဂျပန်၏ ပင်လယ်ထဲသို့ ဖူကူရှီးမား နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းသည် အဏ္ဏဝါ ဂေဟစနစ်နှင့် လူသား ကျန်းမာရေးအပေါ် မခန့်မှန်းနိုင်လောက်အောင် ကြီးမားသော အန္တရာယ်များကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း၊ ဖူကူရှီးမား နျူကလီးယား ရေဆိုးတွင် ရေဒီယို သတ္တိကြွ ပစ္စည်း အမျိုးအစား ၆၀ကျော် ထက်မနည်း ပါဝင်ပြီး လက်ရှိ နည်းပညာများဖြင့် လုံးဝ စင်အောင် မစစ်နိုင်(သို့) လုံးဝ မခွဲစိတ်နိုင်ကြောင်း သိရပါသည်။ Greenpeace အဖွဲ့နှင့် သက်ဆိုင်ရာ ပညာရှင်များက နိုင်ငံတကာ အသိုင်းအဝိုင်းအား ဂျပန်ဘက်မှ မုသားစကားများကို လီဆယ်ပြောဆိုသည့် ရည်ရွယ်ချက်မှာ ဂျပန် နိုင်ငံရေးနှင့် ဘဏ္ဍာရေး အတွက် ဝန်ဆောင်မှုပေးရန်ပင် ဖြစ်ကြောင်း၊ ဂျပန်၏ ယင်းလုပ်ရပ်သည် အလွန် တာဝန်မဲ့ ကြောင်း အသီးသီး ပြောကြားခဲ့ကြပါသည်။

လက်ရှိတွင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီသည် ဂျပန်၏ ပင်လယ်ထဲသို့ နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းနှင့် ပတ်သက်၍ နောက်ဆုံး အကဲဖြတ် သုံးသပ်ရေး အစီရင်ခံစာကို မထုတ်ပြန် သေးသော်လည်း ဂျပန် အစိုးရက နျူကလီးယား ရေဆိုးကို ယခုနှစ် ဇူလိုင်လ လကုန်ပိုင်းတွင် တရားဝင် စွန့်ပစ်မည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဂျပန် နိုင်ငံရေး သမားများ အနေနှင့် ၄င်းတို့၏ လုပ်ဆောင်မှုက လူသားတစ်ရပ်လုံးနှင့် နောင်လာနောက်သားများ အပေါ် မည်သို့သော ဆိုးကျိုးများ ဆောင်ကြဉ်း လာမည်နည်း ဆိုသည်ကို လုံးဝ ဂရုမစိုက်ကြောင်း တွေ့ရပါသည်။