တရုတ်နှင့် အလယ်အာရှနိုင်ငံများသည် အေးအတူ ပူအမျှခေတ်သစ်သို့ဝင်ရောက်

(GMT+08:00)2023-05-20 21:45:50  

တရုတ်-အလယ်အာရှနိုင်ငံများထိပ်သီးအစည်းအဝေးကို မေလ ၁၈ နှစ်မှ ၁၉ ရက်နေ့အထိ “ရှေးဟောင်းပိုးလမ်းမကြီး” ၏ အရှေ့ဘက်အစဖြစ်သည့် ရှီးအမ်းမြို့၌ကျင်းပခဲ့ပါသည်။ ထိပ်သီးအစည်းအဝေးသည် တရုတ်နိုင်ငံ နှင့် အလယ်အာရှနိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံသည့်ယန္တရား တရားဝင်ထူထောင်ကြောင်း ဖော်ပြနေသည်။ တရုတ်နိုင်ငံခေါင်းဆောင် ရှီကျင့်ဖိန် သည် ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံ ၅ နိုင်ငံသည် အပြန်အလှန်ဖေးမကူညီခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ယေဘုယျအားဖြင့်လုံခြုံခြင်း၊ ခေတ်အဆက်ဆက် ချစ်ကြည် ရင်းနှီးခြင်းတို့အား စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး တရုတ်-အလယ်အာရှ အေးအတူပူအမျှ အသိုက်အဝန်း ခေတ်သစ် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးတွင် ငွေရေးကြေးရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စိမ်းလန်း၍ ကာဗွန်လျော့နည်းခြင်း၊ ကျန်းမာရေးနှင့်ဆေးဝါးကုသရေး၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု စသည့် တိုးတက်မှု အချက် သစ်များ အတူတကွ ဖန်တီးရေးနှင့်စပ်လျဉ်း၍ အရေးပါသည့် ရလဒ်များ ရရှိခဲ့သည်။

တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများကူးလူးဆက်ဆံသည့်သမိုင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၁၀၀ အထိ နောက်ကြောင်းခံ လိုက်နိုင်သည်။ တရုတ်လူမျိုး ကျန်းချမ်းသည် ရှီးအမ်းမှစတင်ကာ အလယ်အာရှကိုဖြတ်ကျော်၍ ကီလိုမီတာပေါင်း ၇၀၀၀ ရှည်လျားသည့် ဥရောပတိုက်နှင့် အာရှတိုက်အားချိတ်ဆက်ပေးသော “ရှေးဟောင်းပိုးလမ်းမကြီး” ကို ဖောက်လုပ်လိုက်သဖြင့် ကုန်သွယ်ရေးနှင့်ယဉ်ကျေးမှု၏ ပေါင်းစပ်ချိတ်ဆက်မှုနှင့် ကူးလူးဖလှယ်မှုကို မြှင့်တင်လိုက်သည်။ ၁၉၉၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အလယ်အာရှ ၅ နိုင်ငံသည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အလယ်အာရှနိုင်ငံများသို့ ခရီးစဉ်သွားရောက်စဉ်တွင် “ပိုးလမ်း စီးပွားရေး ခါးပတ်ကြိုး”ကို အတူတကွ တည်ဆောက်ရန် အဆိုပြုခဲ့သည်။ အဆိုပါ မဟာ ဗျူဟာမြောက် အယူအဆသည် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများက အနာဂတ်တွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး ပိုးလမ်းမဘက်စုံပြန်လည်တိုးတက်မှုကို တွန်းအားပေးရန် စတင် ပေးလိုက်သည်။

၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် အလယ်အာရှနိုင်ငံများ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်လာပြီဖြစ်သည်။ တရုတ်နိုင်ငံနှင့် အလယ်အာရှ ၅ နိုင်ငံ၏ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၇၀.၂ ဘီလီယံရှိပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကာ သံတမန်ဆက်ဆံရေး ထူထောင်ခါစနှင့်  အဆ ပေါင်း ၁၅၀ ကျော် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများသည် တရုတ်-အလယ်အာရှ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ ယနေ့တွင် တရုတ်-အလယ်အာရှနိုင်ငံများ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၃၁ နှစ်ပြည့်၏ ပထမဆုံးကျင်းပသည့် Offline ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖိန်က သဘောထားနှင့် အဆိုပြုချက်များစွာတင်ပြခဲ့ပြီး တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများဆက်ဆံရေး ခေတ်သစ် မျှော်မှန်းချက်ကို ဖော်ပြခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံများသည် အပြန်အလှန်ဖေးမကူညီ၍ စည်းလုံးညီညွတ်စွာ အပြန်အလှန်ယုံကြည်သော အသိုက်အဝန်း၊ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး အပြန်အလှန်ဖြည့်ဆည်းပေးသည့် အသိုက်အဝန်း၊ ပဋိပက္ခများကင်းဝေး၍ ရာသက်ပန် ငြိမ်းချမ်းသည့်အသိုက်အဝန်း၊ အပြန်အလှန် သိကျွမ်း ရင်းနှီး၍ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်သည့် အသိုက်အဝန်းတစ်ခု တည်ဆောက်ရမည် ဖြစ်ကြောင်း အဆိုပြုခဲ့သည်။ ထပ်မံပြီး  ရှီကျင့်ဖိန်က  ၎င်းနှင့်စပ်လျဉ်း၍ အသေးစိတ် အဆိုပြုချက်များစွာ တင်ပြခဲ့သည်။ ၎င်းတို့တွင် ယန္တရားတည်ဆောက်မှုမြှင့်တင်ခြင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုတိုးချဲ့ခြင်း၊ အပြန်အလှန်ချိတ်ဆက်မှုကို နက်ရှိုင်း စေခြင်း၊ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း၊ အစိမ်းရောင် ဆန်းသစ် တီထွင်မှု ဖော်ဆောင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည် မြှင့်တင်ခြင်းနှင့် ဒေသတွင်းငြိမ်းချမ်းမှုအား ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်တို့ပါဝင်သည်။

အဆိုပါသဘောထားနှင့်အဆိုပြုချက်များမှတစ်ဆင့် ၎င်းသည် “အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်သည့်အယူအဆ” အား အလယ်အာရှဒေသ၌ အသေးစိတ် လက်တွေ့ဖော်ဆောင်ခြင်းဖြစ်သကဲ့သို့ ခေတ်မီယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပုံစံအသစ်အား ဖော်ဆောင်သည့် အဆိုပြုချက်လွှာလည်းဖြစ်ကြောင်း တွေ့မြင် နိုင်သည်။