ရှီကျင့်ဖိန် သည် Tokayev နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-18 13:07:25  

မေလ ၁၇ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်- အလယ်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့်တရုတ်နိုင်ငံတွင် တရားဝင် လာရောက်လည်ပတ်ရန် ရောက်ရှိနေသော ကာဇက်စတန်နိုင်ငံသမ္မတ Kassym-Jomart Tokayev နှင့် ရှီးအန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်-ကာဇက်စတန် နှစ်နိုင်ငံတို့သည် ယုံကြည်အားကိုးရသော မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်းနှင့် မိတ်ဖက် ကောင်း ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် တရုတ် အမျိုးသား မွန်မြတ်စွာ ပြန်လည်ရှင်သန်နိုးထရေးကို တွန်းအားပေးနေကြောင်း၊ ကာဇက်စတန်နိုင်ငံသည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာသော ကာဇက်စတန် နိုင်ငံသစ်ကို တည်ဆောက်နေကြောင်း၊ တရုတ်-ကာဇက်စတန်နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည်ရှင်သန်ရေး၏ သော့ချက်ကျသော အဆင့်ကာလတွင် တည်ရှိနေကြပြီး တရုတ်-ကာဇက်စတန်ဆက်ဆံရေးသည် နှစ်သုံးဆယ်တာ ရွှေကာလသစ်ကို ဖွင့်လှစ်လိုက်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ချစ်ကြည်ရေးအစဉ်အလာကို ပိုမိုခိုင်မာ လာစေပြီး အပြန်အလှန် ထောက် ခံကာ မဟာဗျူဟာ ချိတ်ဆက်မှုများကို ပိုမို ဖွံ့ဖြိုး တိုးတက်လိုကြောင်း၊ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရှင်သန်ရေးတို့ကို အတူတကွရှာကြံကာ ခေတ်အဆက်ဆက် ချစ်ခင်ရင်းနှီးသော၊ အပြန်အလှန်ယုံကြည်နိုင်သော၊ အေးအတူပူအမျှဖြစ်သော တရုတ်-ကာဇက်စတန်ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် တွန်းအားပေးလို ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်-အလယ်အာရှစနစ်သည် နိုင်ငံအသီးသီးတို့၏ လက်ရှိ လိုအပ်ချက်များနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ပြီး အပြန်အလှန် အကျိုးရှိစေ သော ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးကာ အတူတကွစည်ပင်သာယာ ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ မကြာမီတွင် ကျင်းပမည့် တရုတ်-အလယ် အာရှထိပ်သီးအစည်းအဝေးသည် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပြီး တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေတ်သစ်သို့ ဝင်ရောက်စေမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံအပါအဝင် အလယ်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ညှိနှိုင်းကာ အတူတကွတည်ဆောက်၍ တရုတ်-အလယ်အာရှစနစ်ကို ၆နိုင်ငံအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော ပလက်ဖောင်းတစ်ခုအဖြစ် တည်ဆောက်ရန် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ Tokayev က သမ္မတ ရှီကျင့်ဖိန် ဦးဆောင်သော တရုတ် နိုင်ငံသည် ကြီးမားသော အောင်မြင်မှု ရရှိခြင်းကို ဂုဏ်ပြု ထောမနာပြုပြီး တရုတ်နိုင်ငံသည် ပိုမိုထွန်းလင်းတောက်ပသောအနာဂတ်ကို ပိုင်ဆိုင်မည်ဟု မိမိယုံကြည်ကြောင်း၊ မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန် မှ ကာဇက်စတန်-တရုတ်ဆက်ဆံရေးအပေါ် အကဲဖြတ်မှုနှင့် နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်များကို လုံးဝထောက်ခံကြောင်း၊ ကာဇက်စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ကာဇက်စတန်-တရုတ်ထာဝရဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုကို မြှင့်တင်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ခရီး သွားလာရေး၊ ယဉ်ကျေးမှု၊ ဒေသန္တရ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးချဲ့ဆောင်ရွက်ကာ နှစ်နိုင်ငံ နှစ်သုံးဆယ်တာ ရွှေကာလသစ် ဖွင့်လှစ်ရန် ပိုမိုခိုင်မာသော အခြေခံ အုတ်မြစ် ချ ရန် ဆန္ဒရှိကြောင်း၊ ကာဇက်စတန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ တရုတ်-အလယ်အာရှစနစ်ကို အပြည့်အဝအသုံးပြုပြီး ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကာဇက်စတန်သမ္မတနိုင်ငံအကြား ပူးတွဲ ပြန်တမ်း ကို လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံခေါင်းဆောင် ရှေ့မှောက်တွင် စီးပွားကုန်သွယ်ရေး၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။