တရုတ်နဲ့ အလယ်အာရှနိုင်ငံများလက်တွဲချီတက်ကြတဲ့ တွန်းအားကဘာလဲ

(GMT+08:00)2023-05-17 10:22:11  

ပထမအကြိမ် တရုတ်-အလယ်အာရှနိုင်ငံများထိပ်သီးအစည်းအဝေးကိုမေလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိတရုတ် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့မှာကျင်းပမှာဖြစ်ပါတယ်။ အဲဒါဟာတရုတ်နဲ့ အလယ်အာရှ ငါးနိုင်ငံတို့ သံတမန်ဆက်ဆံရေးထားရှိခဲ့တဲ့ ၃၁ နှစ် အတွင်းပထမဆုံးအကြိမ် အော့ဖ်လိုင်းထိပ်သီးအစည်းအဝေးကိုကျင်းပခြင်းဖြစ်ပါတယ်။

တရုတ်နဲ့ အလယ်အာရှ ငါးနိုင်ငံတို့ဟာအိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်းတွေဖြစ်ပါတယ်။  ၁၉၉၂ ခုနှစ်မှာတရုတ်နိုင်ငံကအာရှနိုင်ငံများနဲ့ သံတမန် ဆက်ဆံရေးထားရှိခဲ့ပြီးနောက် နှစ်ဖက်အကြားဆက်ဆံရေးမှာနိုင်ငံတကာအခြေအနေပြောင်းလဲခြင်းစမ်းသပ်မှုများကိုကြံ့ကြံ့ခံနိုင်ခဲ့ပြီးအိမ်နီးချင်းကောင်းဆက်ဆံရေး- မဟာဗျူဟာဟာမြောက် မိတ်ဖက် ဆက်ဆံရေး- ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးဖြစ်တဲ့ ထိုးဖောက် တိုးတက်မှုများကိုဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ကအလယ်အာရှ နိုင်ငံများသို့ ၇ ကြိမ်တိုင်တိုင် ခရီးလှည့်လည်ခဲ့ပြီးအလယ်အာရှနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်တို့ကလည်းတရုတ်နိုင်ငံသို့ အကြိမ်ကြိမ် လာရောက် လှည့်လည် ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာရှီကျင့်ဖိန်ကတာဂျစ်စတန်နိုင်ငံသမ္မတလာဟ်မွန်ရဲ့ အိမ်ကိုသွားရောက်ခဲ့တဲ့အခါ လာဟ်မွန်ကညီအစ်ကိုကောင်းဆိုတာလက်တွဲချီတက်ရတာပဲလို့ ခင်မင်ရင်းနှီးစွာပြောခဲ့ပါတယ်။

မျက်မှောက်အချိန်မှာတရုတ်နဲ့ အလယ်အာရှနိုင်ငံများနှစ်ဖက်စလုံးအရေးကြီးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကာလမှာတည်ရှိနေကြပါတယ်။ တရုတ်နိုင်ငံဟာတရုတ်အသွင်ပုံစံခေတ်မီရေးကိုတွန်းအားပေးဆောင်ရွက်နေကာအလယ်အာရှ နိုင်ငံများကလည်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို မြှင့်တင်နေပြီးတရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုအဆင့်မြှင့်တင်ရန် မျှော်လင့်ပါတယ်။ တရုတ်နဲ့ အလယ်အာရှ နိုင်ငံများထိပ်သီးအစည်းအဝေးကျင်းပခြင်းဟာတရုတ်နဲ့ အလယ်အာရှ နိုင်ငံများအကြားနယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကိုတစ်ဆင့်တိုးမြှင့်တင်သွားမှာဖြစ်ပြီးဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ပြီးစည်ပင်သာယာသောအနာဂတ်ရေးကိုလက်တွဲဖန်တီးသွားမှာဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။