ချင်ကမ်း သည် Annalena Baerbock နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-10 16:17:18  

မေလ ၉ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကမ်း သည် ဘာလင်မြို့တွင် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ချင်ကမ်း က တရုတ်-ဂျာမဏီနှစ်နိုင်ငံတို့သည် ကမ္ဘာ့ သြဇာလွှမ်းမိုးမှုရှိသော နိုင်ငံကြီးများ ဖြစ်ကြကြောင်း၊ လက်ရှိ ပြောင်းလဲရှုပ်ထွေးသော နိုင်ငံတကာအခြေအနေမျိုးတွင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားသစ် လောင်းပေးရန် လိုကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် သတ္တမအကြိမ် တရုတ်-ဂျာမဏီ အစိုးရများအကြား စေ့စပ်ဆွေးနွေးပွဲကို ကျင်းပဖို့ ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ရန် လိုကြောင်း၊ လာမည့်ကာလတစ်ခုအတောအတွင်း နှစ်ဦးနှစ်ဖက် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံစီမံကိန်း ရေးဆွဲရန် လိုကြောင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာပြဿနာနှင့် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးတို့ သည် ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်သင့်ဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အချင်းချင်း ပြစ်တင်ရှုတ်ချမှု မပြုလုပ်သင့်ဘဲ တစ်ဦးကို တစ်ဦးက လေးစားရန် လိုကြောင်း၊ တရုတ်-ဂျာမဏီ နှစ်နိုင်ငံတို့သည် မှန်ကန်သော လမ်းကြောင်းအတိုင်း စစ်အေးသစ်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်းကို အတူတကွ ဆန့်ကျင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အတွက် ယုံကြည်စိတ်နှင့် တွန်းအားပေးမှု ထည့်သွင်းရန် လိုကြောင်း ပြောကြားခဲ့ပါသည်။

Annalena Baerbock က ဂျာမဏီနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အဆင့်မြင့်ကူးလူး ဆက်ဆံမှုနှင့် နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလွန်အလေးထားကြောင်း၊ သတ္တမအကြိမ် နှစ်နိုင်ငံအစိုးရများအကြား စေ့စပ်ဆွေးနွေးပွဲ ကျင်းပရန် မျှော်လင့်ကြောင်း၊ ၄င်းမှာ ကပ် ရောဂါပြီးကာလ ပထမဆုံးအကြိမ် အော့ဖ်လိုင်း စေ့စပ်ဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်သကဲ့သို့ နှစ်နိုင်ငံအသစ်တစ်ကြိမ် အစိုးရများအကြား ပထမဆုံးအကြိမ် စေ့စပ်ဆွေးနွေးပွဲလည်း ဖြစ်ကြောင်း၊ ဂျာမဏီနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ စေ့စပ် ဆွေးနွေးပွဲတွင် အောင်မြင်မှုများ ရရှိပြီး အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင် အသုံးပြုခြင်း ကူးပြောင်းမှု၊ ဇီဝမျိုးစုံမျိုးကွဲရှိမှု၊ လူငယ်များအကြား ကူးလူးဖလှယ်မှုစသည်တို့ကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းပြဿနာနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြ ပါသည်။