တရုတ်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန် ဗြိတိန်နှင့် လက်တွဲဆောင်ရွက်လိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-05-10 16:23:55  

မေလ ၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်၊ နိုင်ငံဒုတိယသမ္မတ ဟန်ဇိန့် သည် ဖိတ်ကြားချက်အရ ဗြိတိန်ဘုရင် Charles III ၏ နန်းတက်ပွဲအခမ်းအနားနှင့် သက်ဆိုင်ရာလှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံသည် ယင်းကို အလွန် အလေးထားပြီး တရုတ် ကိုယ်စားလှယ်အဖွဲ့ကို အဆင့်မြင့်ဧည့်ခံ ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က Charles III သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ပါမောက္ခ ဖုန်လိယွမ် မှ မိမိ နှင့် မိဖုရား Camilla ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယသမ္မတ ဟန်ဇိန့် သည် သမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်အဖြစ် မိမိ၏ နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက် ခြင်းကို ကြိုဆိုကြောင်း၊ ဗြိတိန်ခရီးစဉ်အတောအတွင်း ဒုတိယသမ္မတ ဟန်ဇိန့် သည် ဗြိတိန် ဝန်ကြီးချုပ် Rishi Sunak ၊ Prince of Wales HRH William ၊ ဒုတိယဝန်ကြီးချုပ် Oliver Dowden နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ပြီး စက်မှုကုန်သွယ်ရေးလောကမှ ကျင်းပသော ညစာစားပွဲသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ယခုအကြိမ်ခရီးစဉ်တွင် တရုတ်နိုင်ငံသည် ဗြိတိန်အလွှာပေါင်းစုံနှင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုများ ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ရန် ကျယ်ပြန့်သော သဘောတူညီမှုများ ရရှိကာ မျှော်မှန်းထားသည့်ရလဒ်များကို ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန် ဗြိတိန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။