CIAသည် အခြားနိုင်ငံများတွင် အမေရိကန် အရောင် တော်လှန်ရေး(color revolution)ပြုလုပ်ရေး အတွက် လက်မည်းဖြစ်

(GMT+08:00)2023-05-06 17:10:25  

တရုတ် အမျိုးသား ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ် ကိုင်တွယ်ဖြေရှင်းရေး စင်တာနှင့် 360ကုမ္ပဏီတို့ မကြာခင်က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တစ်ရပ်ကို ပူးတွဲထုတ်ပြန်ခဲ့ရာ အမေရိကန် CIAသည် နိုင်ငံခြား အစိုးရများ၊ ကုမ္ပဏီများနှင့် နိုင်ငံသားများ၏ အချက်အလက်များကို နှစ်ရှည်လများ စုဆောင်းပြီး ကမ္ဘာ့ ဒေသအနှံ့တွင် အရောင် တော်လှန်ရေး(color revolution) ပြုလုပ်ကာ သူလျှိုလုပ်ဆောင်မှုများ ဆက်တိုက်ပြုလုပ်သည့် အကြောင်းကို အဖြစ်မှန် အချက်အလက်များဖြင့် ဖော်ထုတ်ပြီး CIAသည် ကမ္ဘာ့ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ခြိမ်းခြောက်မှု ဖြစ်နေကြောင်း ဖော်ပြထားပါသည်။

၁၉၉၅ခုနှစ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော “အင်တာနက်- မဟာဗျူဟာ အကဲဖြတ်သုံးသပ်ချက်” အစီရင်ခံစာတွင် အင်တာနက်ကို တိုက်ခိုက်မှု ပြုလုပ်သည့် ပလက်ဖောင်း အဖြစ် အသုံးပြုနိုင်ကြောင်း ဖော်ပြထားပါသည်။ ၂၁ရာစုနှစ်သို့ ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် အမေရိကန် အစိုးရများ၏ “ကြိုးပမ်းဆောင်ရွက်မှု”များဖြင့် အမေရိကန်သည် ထင်ရှားသော ထိုးစစ်ဆင် သဘောပါသည့် ဆိုက်ဘာနယ်ပယ် မဟာဗျူဟာ ဖြစ်တည်လာပါသည်။ CIAသည် ဆိုက်ဘာ လက်မည်း အဖြစ် ပြောင်းလဲလာပြီး မရေမတွက်နိုင်သော ဆိုက်ဘာ တိုက်ခိုက်မှု လက်နက်များကို တီထွင်ခဲ့ပါသည်။

အမေရိကန်၏ ဆိုက်ဘာ လက်နက်များသည် တစ်ကမ္ဘာလုံး အင်တာနက်နှင့် IoT (Internet of Things) အရင်းအမြစ် အားလုံးနီးပါးကို လွှမ်းမိုးပြီး အခြားနိုင်ငံများ၏ ဆိုက်ဘာ နယ်ပယ်များကို အချိန်မရွေးနှင့် နေရာမရွေး ထိန်းချုပ်နိုင်ကာ အခြားနိုင်ငံများ၏ အရေးကြီးသည့်၊ အကဲဆတ်သော သတင်း အချက်အလက်များကို ခိုးယူနိုင်ပါသည်။ တရုတ်ပြည် အပါအဝင် နိုင်ငံများစွာသည် အမေရိကန်မှ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ဆိုက်ဘာ ခိုးယူမှု၏ ဒုက္ခခံရသူများ ဖြစ်ကြပါသည်။

သက်ဆိုင်ရာ စာရင်းများအရ လွန်ခဲ့သည့် ဆယ်ချီနှစ်များတွင် CIAသည် နိုင်ငံ ၅၀ ထက်မနည်း၏ တရားဝင် အစိုးရများကို တွန်းလှန်(သို့) တွန်းလှန်ရန် ကြံစည်ပြီး သက်ဆိုင်ရာ နိုင်ငံများတွင် မတည်မငြိမ်ဖြစ်မှုများ ဖြစ်စေခဲ့သည်ဟု သိရပါသည်။ CIAသည် စွမ်းဆောင်ရည် အားကောင်းသော ဆိုက်ဘာ နည်းပညာနှင့် ဆက်သွယ်ရေး နည်းပညာများဖြင့် ကမ္ဘာ့ ဒေသများစွာတွင် အရောင် တော်လှန်ရေး(color revolution)ကို စီမံစိုင်းပြင်း ဖော်ဆောင်ခဲ့ပြီး “တစ်ကမ္ဘာလုံးတွင် မတည်မငြိမ်ဖြစ်မှုများ၏ ဇာစ်မြစ်”ဟူသော အမေရိကန်၏ နာမည်ဆိုးကို အဆက်မပြတ် သက်သေပြနေပါသည်။