မောင်းသူမဲ့လေယာဉ်များသည် ရုရှား ကရင်မလင်နန်းတော်အား တိုက်ခိုက်ခဲ့၊ ကန်သည် နောက်ကွယ်မှ ကြိုးဆွဲနေသည်ဟု ရုရှားဆို

(GMT+08:00)2023-05-05 15:32:47  

ရုရှားနိုင်ငံသမ္မတ၏ သတင်းဆိုင်ရာအတွင်းဝန် Dimitri Peskov က အမေရိကန် နိုင်ငံသည် မောင်းသူမဲ့လေယာဉ်များဖြင့် ကရင်မလင်နန်းတော်အား တိုက်ခိုက်မှု၏ နောက်ကွယ်မှ ကြိုးဆွဲသူ ဖြစ်ကြောင်း မေလ ၄ရက်နေ့က ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ မေလ ၄ရက်နေ့က ထုတ်ပြန်သော ကြေညာချက် တွင် မောင်းသူမဲ့လေယာဉ်များဖြင့် ကရင်မလင်နန်းတော်အား အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ချက်ကို ရုရှားနိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချကြောင်း၊ ယင်း လုပ်ရပ်၏ ရည်ရွယ်ချက်မှာ အောင်ပွဲနေ့မတိုင်မီတွင် ရုရှားနိုင်ငံသမ္မတ ပူတင် အား လုပ်ကြံသတ်ဖြတ်ရန် ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် တုံ့ပြန်ပါမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီသည် အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးနေကာ တာဝန်ရှိသူအားလုံးကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ယူကရိန်းဘက်က တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည့် ရုရှားနိုင်ငံ၏ ပြောဆိုခြင်းနှင့် ပတ်သက်၍ ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီး နှင့် အခြားအရာရှိများက ငြင်းဆိုလိုက်ပါသည်။ ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံ ထိုသို့ပြောဆို ခြင်း၏ ရည်ရွယ်ချက်မှာ ယူကရိန်းနိုင်ငံအား အတိုင်းအတာကြီးမားသော ထိုးစစ်ဆင်တိုက်ခိုက်မှု ဆောင်ရွက်ရန် လမ်းခင်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က အမေရိကန်နိုင်ငံသည် မောင်းသူမဲ့လေယာဉ်များဖြင့် ကရင်မလင်နန်းတော်အား တိုက်ခိုက်မှုတွင် လုံးဝမပါဝင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား ယူကရိန်းနိုင်ငံအပြင်တွင် တိုက်ခိုက်မှု ဆောင်ရွက်ရန် ခွင့်မပြုကြောင်း၊ အမေရိကန်အစိုးရ အရာရှိများသည် ၄င်းတိုက်ခိုက်မှု၏ နောက်ကွယ်ကြိုးဆွဲသူ ဘယ်သူလဲ ဆိုတာ မသိကြောင်း၊ ပိုမိုများပြားသောအချက်အလက်များကို စုဆောင်းနေကြောင်း ပြောကြားခဲ့ပါသည်။