မြန်မာနိုင်ငံ ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ချင်ကမ်းနှင့် တွေ့ဆုံ

(GMT+08:00)2023-05-03 15:57:24  



ဒေသစံတော်ချိန် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် နေပြည်တော်၌ ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ချင်ကမ်းနှင့် တွေ့ဆုံခဲ့ပါသည်။

ချင်ကမ်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှု တိုးတက်ရေးကို အစဉ်တစိုက် အလေးထားပါကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း အောင်မြင်မှု ရလဒ်များကို ကောင်းမွန်စွာ ဖေါ်ဆောင်ပြီး တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်၍ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံး ဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်များကို ဦးစွာ လက်တွေ့ကျဖေါ်ဆောင်ကာ တရုတ်နှင့် မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာ တိုးတက်ရန် တွန်းအား ပေးလို ပါကြောင်း ပြောကြားပါသည်။

ချင်ကမ်းက တရုတ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ အခြေအနေ တည်ငြိမ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး မြန်မာ့ ဝိသေသ ပါရှိသော ဖွံ့ဖြိုးရေး လမ်းကြောင်းကို ရှာဖွေရန်၊ မြန်မာနိုင်ငံက နိုင်ငံရေးအသွင်ပြောင်းလဲမှုဖြစ်စဉ်ကို ဆက်လက် တွန်းအားပေးရန်၊ မြန်မာ နိုင်ငံ ဘက်အသီးသီးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေ မူဘောင်အတွင်း အငြင်းပွားမှုများကို သင့်လျော်စွာ ဖြေရှင်းပြီး သင့်မြတ်မှု ဖေါ်ဆောင်ရန် တရုတ်နိုင်ငံက ထောက်ခံ ပါကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံ ခေါင်းဆောင် ဦးမင်းအောင်လှိုင်က မြန်မာနှင့် တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၇၀ ကျော်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ်တစိုက် အရှိန်ကောင်းမွန်စွာ တိုးတက်လာပြီး အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားသစ်လောင်းပေးပြီး မြန်မာနှင့်တရုတ် ကံကြမ္မာတူ အသိုက်အဝန်းကို တက်ကြွစွာ တည်ဆောက်လိုပါကြောင်း၊ မြန်မာအရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ပကတိကျပြီး တရားမျှတသော ရပ်တည်ချက် စွဲကိုင်ခြင်းကို မြန်မာနိုင်ငံက တန်ဖိုးထား ချီးကျူးပြီး တရုတ်နိုင်ငံက ပိုမို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ကြိုးဆိုပါကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။