တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကမ်း မြန်မာနိုင်ငံသို့ ခရီးလှည့်လည်မည် ဖြစ်ကြောင်းနှင့်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန်အိန္ဒိယသို့သွားရောက်မည် ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူပြောကြား

(GMT+08:00)2023-05-02 23:09:07  

မေလ ၂ ရက်နေ့ကကျင်းပသောသတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကမ်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်ပြီးသတင်းထောက်၏ မေးမြန်းချက်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဖြေကြားရာတွင်တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကမ်း၏ ယခုအကြိမ် ခရီးစဉ်ရည်ရွယ်ချက်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အောင်မြင်မှု ရလဒ်များကိုဖော်ဆောင်ရန်၊ စီးပွားရေးနှင့် ပြည်သူလူထုအကျိုးစီးပွားစသည့်နယ်ပယ်များတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးနာလန်ပြန်ထူရေး၊ ပြည်သူ့နေထိုင်မှုဘဝကောင်းမွန်စေရေး၊ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကိုထောက်ခံရန်တို့ ဖြစ်ကြောင်းပြောကြားပါသည်။


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ အဓိကလှုပ်ရှားမှု အစီအစဉ်များနှင့် ပတ်သက်ပြီးသတင်းထောက်၏ မေးမြန်းချက်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဖြေကြားရာတွင်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုမေလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိအိန္ဒိိယနိုင်ငံဂိုအာပြည်နယ်မြို့တော် ပါနာဂျီ၌ ကျင်းပမည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးချင်ကမ်းသည် အခြားအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံတကာနှင့် ဒေသရေးရာအခြေအနေများ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေးစသည့်ကိစ္စများကိုဆွေးနွေးမည် ဖြစ်ပြီးယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် ကျင်းပမည့်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးအတွက် ဘက်စုံ ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။