လူငယ်များအတွက် ရှီကျင့်ဖျင်၏ ပေးစာ

(GMT+08:00)2023-05-01 16:53:21  

လူငယ်သည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖျင်သည် လူငယ်များ၏ ရင့်ကျက်ကြီးပြင်းလာမှုကို အမြဲဂရုပြုလျက်ရှိပြီး ပေးစာများဖြင့် လူငယ်များနှင့် ကူးလူးဖလှယ်လေ့ရှိသည်။ ပေးစာများ၊ မျှော်လင့်ချက်စကားများတွင် လူငယ်များအပေါ်ထားရှိသော ၎င်း၏ စိတ်အားထက်သန်သော တာဝန်အပ်နှင်းမှုများနှင့် အရည်အချင်းပြည့်ဝမှုကို လိုလားသော စစ်မှန်သည့်ခံစားချက်များကို မှတ်တမ်းတင်ထားပါသည်။

၁၉၈၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုစဉ်က တရုတ်နိုင်ငံမြောက်ပိုင်း ဟိုပေပြည်နယ် ကျန့်တိန့်ခရိုင် ပါတီကော်မတီအတွင်းရေးမှူး ရှီကျင့်ဖျင်သည် ဟိုပေစိုက်ပျိုးရေးတက္ကသိုလ်မှ ကျန့်တိန့်နယ်သား တက္ကသိုလ်ကျောင်းသားများထံ စာတစ်စောင် ရေးသားခဲ့သည်။ ထိုစာတွင် “ကျေးလက်ဒေသမှာ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားတွေ အရေးတကြီး လိုအပ်နေတယ်။ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားတွေကလည်း ကျေးလက်ဒေသနဲ့ ခွဲခြားလို့မရဘူး။ ဇာတိမြေက ရွာသူရွာသား ၄ သိန်းကျော်က သင်တို့တတွေ ပညာကို ထူးချွန်စွာ သင်ယူပြီးမြောက်ပြီး အမိနိုင်ငံရဲ့ ခေတ်မီတိုးတက်မှုလေးရပ် တည်ဆောက်ရေးအတွက် အကျိုးထမ်းရွက်ကာ ဉာဏ်ပညာကို အစွမ်းကုန်အသုံးချကြဖို့ မျှော်လင့်နေကြတယ်။” စသဖြင့် ရေးသားထားသည်။ စာ၏အဆုံးတွင် “သင်တို့၏ရဲဘော်ရဲဖက် ရှီကျင့်ဖျင်” ဟု ရေးသားထားသည်။

ရှီကျင့်ဖျင်၏ စိတ်ရင်းမှန်ဖြင့် ဆော်သြမှုကြောင့် ဟိုပေစိုက်ပျိုးရေးတက္ကသိုလ်တွင် ၁၉၈၄ ခုနှစ် အသုတ်မှ ၁၉၈၇ ခုနှစ်အသုတ်အထိ ပညာသင်ယူခဲ့သော ကျန့်တိန့်နယ်သား တက္ကသိုလ်ကျောင်းသား ၅၁ ဦးအနက် ထက်ဝက်ကျော်သည် ကျန့်တိန့်သို့ ပြန်လာ၍ အလုပ်လုပ်ကိုင်ခဲ့ကြသည်။ ထိုစဉ်က ဇာတိမြေသို့ ပြန်လာကြသော တက္ကသိုလ်ကျောင်းသားများသည် ယခုအခါတွင် ထိုဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောလုပ်ငန်း စသည့် ရှေ့တန်းဌာနများတွင် တာဝန်ယူလုပ်ကိုင်နေကြပြီ ဖြစ်သည်။ ၎င်းတို့အနက် ပြည်နယ်၊ မြို့ အဆင့်မှသည် အမျိုးသားအဆင့် ကျွမ်းကျင်ပညာရှင်အချို့လည်း ပေါ်ထွက်လာခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း စန်းရှီးပြည်နယ် ကျင့်ကျုံးမြို့တွင် “လူငယ်တောင်သူလယ်သမားအဖွဲ့ချုပ်” တစ်ခုရှိသည်။ အသက် ၃၀ ဝန်းကျင် “တောင်သူလယ်သမားသစ်များ” သည် “နိုင်ငံခြားမှပြန်လာသူ” ၊ ဒီဇိုင်နာနှင့် ကျောင်းဆရာ စသည့်ဂုဏ်ပုဒ်များကို စွန့်လွှတ်ပြီး ၎င်းတို့၏ ဉာဏ်ပညာအရည်အချင်းများနှင့် ကြိုးပမ်းအားထုတ်မှုများဖြင့် အစိမ်းရောင်လယ်ကွင်းများထဲတွင် ငယ်ရွယ်နုပျိုမှုအဖြေလွှာကို ရေးသားခဲ့ကြသည်။

၂၀၀၃ ခုနှစ် ဇွန်လတွင် ဖူကျန့်ပြည်နယ်သူ လင်တုံးမေသည် ထိုစဉ်က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး ရှီကျင့်ဖျင်၏ ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ရှီကျင့်ဖျင်သည် “မျှော်လင့်ချက်ပရောဂျက်” မှတစ်ဆင့် ဆင်းရဲနွမ်းပါးသောကလေး လင်တုံးမေနှင့် ချိတ်ဆက်မိခဲ့သည်။ ထိုအချိန်မှစ၍ ၁၂ နှစ်အတွင်း ရှီကျင့်ဖျင်သည် နှစ်စဉ် မိမိ၏လစာထဲမှ ငွေကြေးအချို့ဖြင့် သူမကို မူလတန်း စတုတ္ထနှစ်မှ တက္ကသိုလ် ဘွဲ့ရသည်အထိ ထောက်ပံ့ပေးခဲ့သည်။

ဆယ်နှစ်ကျော်ကာလအတွင်း ပညာသင်ယူသည်မှသည် အလုပ်ဝင်သည်အထိ၊ ဆယ်ကျော်သက်လူငယ်အဖြစ်မှ လူငယ်အဖြစ် ကြီးပြင်းလာသည်အထိ လင်တုံးမေသည် ရှီကျင့်ဖျင်ထံမှ စုစုပေါင်း ပေးစာငါးစောင်ကို လက်ခံရရှိခဲ့သည်။ စာထဲတွင် အကြောင်းအရာ ရိုးရှင်းတိုတောင်းသော်လည်း အဓိပ္ပါယ်လေးနက်လှပြီး လင်တုံးမေ၏ တိုးတက်မှုလမ်းကြောင်းကို လမ်းညွှန်ပေးနေခဲ့သည်။ ယခုအခါ ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်လာပြီးနောက် လင်တုံးမေသည် နှစ်စဉ် အနည်းဆုံး တစ်လစာလုပ်အားခဖြင့် ဆင်းရဲနွမ်းပါးသူများကို ကူညီပေးခဲ့ပြီး ကျောင်းသားကျောင်းသူများထံ မျှော်လင့်ချက်များ ပိုမိုဆောင်ကြဉ်းပေးနေပါသည်။

၂၀၂၀ ပြည့်နှစ် မေလ ၁၇ ရက်နေ့တွင် ရှီကျင့်ဖျင်သည် ပေကျင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပါကစ္စတန် ပညာတော်သင်ကျောင်းသားအားလုံးကို စာအကြောင်းပြန်ခဲ့ပြီး နိုင်ငံအသီးသီးမှ ထူးချွန်လူငယ်များ တရုတ်နိုင်ငံကို လာရောက်ပညာဆည်းပူးကြရန် ကြိုဆိုခဲ့သည်။ ထို့ပြင် ၎င်းတို့အား တရုတ်လူငယ်များနှင့် ကူးလူးဖလှယ်မှုများ မြှင့်တင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် အတူလက်တွဲ၍ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုများ မြှင့်တင်ရန်၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို မြှင့်တင်ရန် တို့အတွက် အကျိုးထမ်းရွက်ကြရန် အားပေးခဲ့သည်။

အကြောင်းပြန်စာ လက်ခံရရှိချိန်တွင် အလစ်ဖ်သည် ပေကျင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း ယခုအခါ ၎င်းသည် အဆိုပါတက္ကသိုလ် ဉာဏ်ရည်တုသုတေသနဌာန၏ ပါရဂူဘွဲ့လွန်နှင့် လူငယ်ကျောင်းဆရာတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ပေကျင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သည် ၁၉၇၇ ခုနှစ်မှစ၍ ပါကစ္စတန် ပညာတော်သင်ကျောင်းသားများကို စတင်လက်ခံခဲ့ရာ ယခုဆိုလျှင် ပါကစ္စတန်နိုင်ငံသား ကျောင်းသား ၂၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ကျောင်းသားအများစုသည် ဘွဲ့ရပြီးနောက် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ တည်ဆောက်ရေးနှင့် နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စသည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ကြပြီး တရုတ်-ပါကစ္စတန်ချစ်ကြည်ရေး မြှင့်တင်ရေးအတွက် ငယ်ရွယ်နုပျိုမှုခွန်အားများ ပံ့ပိုးပေးနေပါသည်။

လူငယ်များထံ ရှီကျင့်ဖျင်၏ ပေးစာများ အများကြီးရှိပါသေးသည်။ ကျောင်းနေ တက္ကသိုလ်ကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသား ကျေးရွာအရာရှိများ၊ လူငယ်စေတနာ့ဝန်ထမ်းများ၊ ပင်လယ်ရပ်ခြား ပညာတော်သင်ကျောင်းသားများကို စာများ ပေးပို့ခဲ့ပါသည်။ ထိုပေးစာများသည် လူငယ်များ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ကြရန် အားပေးအားမြှောက်ပြုနေပါသည်။