Okinawaကို စစ်မြေပြင် ထပ်မံ မဖြစ်စေပါနဲ့

(GMT+08:00)2023-04-27 14:49:46  

ယခုလ ၂၆ရက်နေ့ နံနက်ပိုင်းက ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့မှ တပ်သားများနှင့် ယာဉ်များသည် Okinawaပြည်နယ်ရှိ ဆိပ်ကမ်းများနှင့် လမ်းများသို့ ဝင်ရောက်လာကြပါသည်။ မကြာခင်က ဂျပန် အစိုးရက Okinawaတွင် Patriot-3 ဒုံးကျည်ကို ချထားမည်ဟု ကြေညာခဲ့ပါသည်။ ဒေသခံ မီဒီယာက ဂျပန် အစိုးရ၏ လက်နက် တိုးချဲ့ရေး အဆက်မပြတ် ဆောင်ရွက်ခြင်း လုပ်ရပ်သည် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျောခိုင်းခြင်း ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် ခြိမ်းခြောက်မှုကို ဆောင်ကြဉ်းလာကြောင်း ဝေဖန်ပါသည်။

ငြိမ်းချမ်းရေး တောင်းဆိုချက်ကို ဖော်ပြရန် အတွက် ၂၄ရက်နေ့နှင့် ၂၅ရက်နေ့တွင် Okinawaပြည်နယ် လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့သည် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန၊ ကက်ဘိနက်အဖွဲ့နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနထံသို့ ပြည်နယ် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းသော သံတမန်ရေး ထင်မြင်ယူဆချက် ဆိုင်ရာ ဆုံးဖြတ်လွှာကို တင်ပြခဲ့ပါသည်။ ၄င်းဆုံးဖြတ်လွှာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းက ဂျပန်မှ အတည်ပြုခဲ့သော လုံခြုံမှု ကာကွယ်ရေး ဆိုင်ရာ စာတမ်းသစ် ၃ရပ် အပေါ် မယုံသင်္ကာ ဖြစ်နေကြောင်း၊ ဂျပန် အစိုးရအား တရုတ်-ဂျပန် နိုင်ငံရေး စာတမ်း ၄ရပ်တွင် သတ်မှတ်ထားသော အခြေခံမူများကို စောင့်စည်းလိုက်နာပြီး တရုတ်-ဂျပန် ချစ်ကြည်ရေးကို တိုးမြှင့်ကာ ဆွေးနွေးရေးနှင့် သံတမန်ရေး နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးကို တက်ကြွစွာ တည်ဆောက်ရန် တောင်းဆိုကြောင်း ဖော်ပြပါသည်။

မကြာခင် နှစ်များတွင် ဂျပန် လက်ယာ အင်အားစုများသည် “တရုတ်ပြည်မှ ခြိမ်းခြောက်မှု”ဆိုသည့် ပြောဆိုချက်ကို အဆက်မပြတ် ဝါဒဖြန့်ပြီး ကာကွယ်ရေး စရိတ်ကို များစွာ တိုးမြှင့်ကာ ထိုးစစ်ဆင် လက်နက်များကို ဖော်ထုတ်၍ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဖြစ်တည်ခဲ့သော နိုင်ငံတကာ စည်းစနစ်ကို တွန်းလှန်ရန် ကြံစည်နေပါသည်။ ဆွီဒင် နိုင်ငံ စတော့ဟုန်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာနမှ ယခုလ ၂၄ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ် အရ ၂၀၂၂ခုနှစ်တွင် ဂျပန်၏ ကာကွယ်ရေး စရိတ်သည် ၅့၉ရာခိုင်နှုန်း တိုးလာပြီး ၁၉၆၀ပြည့်နှစ် နောက်ပိုင်းတွင် အမြင့်ဆုံး ဖြစ်ကြောင်း သိရပါသည်။ မကြာခင်က ဦးစီးကျင်းပခဲ့သော G7 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်သည် ပူးတွဲကြေညာချက်ဆိုသည်ကို ထုတ်ပြန်ခဲ့ရာ ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက် ပြောဆိုပြီး တရုတ်ပြည်တွင်းရေးတွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့ ပါသည်။ အကဲခတ်များက ဂျပန် အစိုးရသည် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ခံယူချက်များကို ကျောခိုင်းနေကြောင်း ယူဆကြပါသည်။

Okinawaပြည်သူများသည် သမိုင်းကြောင်းတွင် စစ်ဘေးကို အပြည့်အဝ ခံခဲ့ရသောကြောင့် ငြိမ်းချမ်းရေး၏ အဖိုးတန်ခြင်း အပေါ် နက်နက်နဲနဲ သိရှိနားလည်ကြပါသည်။ Okinawa လွှတ်တော်မှ တင်ပြသော ဆုံးဖြတ်လွှာတွင် ဂျပန် အစိုးရ၏ စစ်ရေး တိုးချဲ့ခြင်း အပေါ် မကျေမနပ်ဖြစ်မှုနှင့် စိုးရိမ်မှုကို ဖော်ပြပြီး တရုတ်-ဂျပန် ချစ်ကြည်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်ကိုလည်း ဖော်ပြပါသည်။ ၄င်းတို့၏ တရားမျှတမှန်ကန်သည့် တောင်းဆိုချက်များကို ဂျပန် အစိုးရ အနေနှင့် လေးနက်စွာ နားထောင်သင့်ပါသည်။