အမေရိကန်သည် ဆိုးရွားသော သေနတ် အကြမ်းဖက်မှု ဆိုင်ရာ စက်ဝန်းအတွင်း ဝင်ရောက်သွား

(GMT+08:00)2023-04-26 14:49:11  

မကြာခင် ရက်များတွင် အမေရိကန်၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုများနှင့် ပတ်သက်၍ မကြာခင်က ထုတ်ပြန်ခဲ့သော The New York Times သတင်းစာတွင် “၄င်းတို့သည် မှားယွင်းသော နေရာသို့ သွားရောက်၊ မှားယွင်းသော တံခါးကို ဖွင့်၊ မတော်တဆ မှားယွင်းမှုကို ကျူးလွန်သည်သာ ဖြစ်သော်လည်း သေစေနိုင်သည့် ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း” ရေးသားဖော်ပြပါသည်။

မကြာခင် နှစ်များတွင် အမေရိကန် လူ့ဘောင်အဖွဲ့အစည်းများနှင့် ပြည်သူများ၏ သဘောထားဆန္ဒသည် တကွဲတပြား ဖြစ်ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ နိုင်ငံရေး ဆိုင်ရာ ကွဲပြားလာခြင်းနှင့် လူမျိုးရေး ခွဲခြားမှု စသည့် ပြဿနာများကြောင့် ပဋိပက္ခ အရှိန်မြင့်လာပြီး ပြည်သူများ၏ လုံခြုံစိတ်ချရမှု မရှိခြင်းသည် ဆက်တိုက် တိုးမြင့်လာပါသည်။ သက်ဆိုင်ရာ စစ်တမ်းကောက်ယူမှု အရ ၁၉၇၀ပြည့်နှစ် အစပိုင်းတွင် အမေရိကန် ပြည်သူ တစ်ဝက်ခန့်က လူအများစုကို ယုံကြည်စိတ်ချရကြောင်း ယူဆကြပါသည်၊ ၂၀၂၀ပြည့်နှစ် ရောက်တော့ ၄င်းထင်မြင်ချက်ကို စွဲကိုင်သူ ဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၃ပုံ၁ပုံတောင် မပြည့်သည့် အထိ ကျဆင်းလာသည်ဟု သိရပါသည်။

ကြောက်လန့်မှုနှင့် စိတ်မအေးမှု အောက်တွင် ပိုမိုများပြားသော အမေရိကန် နိုင်ငံသားများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အတွက် သေနတ်ကို ဝယ်ယူပါသည်။ လူတိုင်းက သေနတ် တစ်လက်ကို ပိုင်ဆိုင်ထားရန် မတတ်သာ၍ ဝယ်ယူသည့် အခြေအနေမျိုးတွင် အမေရိကန်က “လုံခြုံစိတ်ချရမှု မရှိခြင်း- သေနတ်ဝယ်ယူခြင်း- လုံခြုံစိတ်ချရမှု ပိုပြီးမရှိခြင်း”ဟူသော ဆိုးရွားသည့် စက်ဝန်းအတွင်းသို့ ဝင်ရောက်သွားခြင်းသည် မလွှဲရှောင်နိုင်သော ကိစ္စ ဖြစ်ပါသည်။ အမေရိကန် အမျိုးသား ရိုင်ဖယ်သေနတ် အသင်း ဦးဆောင်သော သေနတ်နှင့် ပတ်သက်သော အသင်းအဖွဲ့များသည် ငွေကြေးနိုင်ငံရေး ဆောင်ရွက်မှုဖြင့် တစ်ဖက်က ပိုမိုချောင်လည်သော သေနတ် ပိုင်ဆိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရန် တွန်းအားပေးပြီး နောက်တစ်ဖက် ကတော့ သေနတ် ထိန်းချုပ်မှု ဖြစ်စဉ်ကို နည်းမျိုးစုံဖြင့် တားဆီးပါသည်။ ဆန္ဒမဲနှင့် ငွေကြေး၏ တွန်းဆော်ခြင်းကြောင့် သေနတ် ထိန်းချုပ်ရေး ပြဿနာသည် စောစောပိုင်း ကတည်းက ပါတီ ၂ခု အကြား ကစားမှု ပြုလုပ်ရန် အတွက် လက်ကိုင်တုတ် ဖြစ်လာပြီ ဖြစ်ပြီး သေနတ် အကြမ်းဖက်မှုသည် အမေရိကန်တွင် ဖြေရှင်းရ ခက်သော လူမှုရေး ပြဿနာ ဖြစ်လာပါသည်။

ရေရှည်ရှုထောင့်မှ ကြည့်လျှင် စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမေရိကန် လူမှုရေး ပြဿနာများကို ဖြေရှင်းရန် ခက်ခဲပါသည်။ သေနတ် အကြမ်းဖက်မှုသည် ၄င်းပဋိပက္ခများကို ပြင်းထန်လာစေမည် ဖြစ်ပါသည်။ “လူ့အခွင့်အရေး မီးပြတိုက်”ဟု ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင် ပြောဆိုနေသည့် အမေရိကန်တွင် မတော်တဆ ပစ်သတ်မှု ခံခဲ့ရသော လူများ၏ လူ့အခွင့်အရေးကို မည်သူက ကာကွယ်ပေးနိုင်မည်နည်း။