ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်ပြည် GDP သည် ခန့်မှန်းသည်ထက် ပိုကောင်းပါသည်

(GMT+08:00)2023-04-19 13:46:06  

“တရုတ်ပြည်၏ GDP တိုးနှုန်းသည် ခန့်မှန်းသည်ထက် ပိုကောင်းပါသည်။” “တရုတ်ပြည် စီးပွားရေးသည် မြန်ဆန်စွာ နာလန်ပြန်ထူလာနေပါသည်။” “တရုတ်ပြည် စီးပွားရေးသည် ကောင်းမွန်သော အစဦးပိုင်း ရှိပါသည်။” ယခုလ ၁၈ ရက်နေ့တွင် တရုတ်အစိုးရက ယခုနှစ် ပထမ သုံးလပတ်တွင် စီးပွားရေး စာရင်းများကို ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံခြားမီဒီယာများက ဤသို့ မှတ်ချက်များ ပြုခဲ့ကြပါသည်။ 

ပဏာမ စာရင်းအရ ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်ပြည် GDP သည် ယွမ် ၂၉၄၉၉.၇ ဘီလီယံ ရှိပြီး ပြီးခဲ့သည့်နှစ် အလားတူ အချိန်ကာလကထက် ၄ .၅ ရာခိုင်နှုန်း တိုးလာပါသည်။ တရုတ်ပြည် စီးပွားရေး လျင်မြန်စွာ တိုးတက်လာခြင်းသည် တစ်နှစ်တာလုံး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ဖော်ဆောင်ရန်အတွက် ခိုင်ခံ့သော အခြေခံ အုတ်မြစ်များ ချထားပါသည်။

သွင်းကုန်ပို့ကုန်သည် စီးပွားရေး၏ မိုးလေတိုင်းပြဒါးတိုင်ပင် ဖြစ်သည်။ ယခုနှစ် ပထမ သုံးလပတ်တွင် တရုတ်ပြည်၏ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ဘီလီယံ ၉၈၉၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ကာလကထက် ၄.၈ ရာခိုင်နှုန်း တိုးလာပါသည်။ အထူးသဖြင့် လွန်ခဲ့သည့် မတ်လအတွင်း ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေဖြင့် တွက်ချက်လျှင် လွန်ခဲ့သည့်နှစ် မတ်လကထက် ၂၃.၄ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာဖြင့် တွက်ချက်လျှင် ၁၄.၈ ရာခိုင်နှုန်း တိုးလာကာ တိုးတက်မှု အရှိန်ကောင်းမွန်၍ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ဖြန့်ဖြူးမှု ကွင်းဆက်များကို အားကောင်းစွာ တိုးမြှင့် ပေးခဲ့ပါသည်။ 

  တရုတ်ပြည်၏ မက္ကရို စီးပွားရေး မူဝါဒများ ဆက်တိုက် ဖော်ဆောင်လာသည်နှင့် အမျှ တရုတ်စီးပွားရေး လည်ပတ်မှု အခြေအနေ တစ်ခုလုံးသည် ဆက်တိုက် ဦးမော့လာနိုင်မည် ဖြစ်ပါသည်။ နိုင်ငံဖြတ်ကျော် ကုမ္ပဏီကြီးများစွာတို့က တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် ပိုမို သာယာသော အနာဂတ်ကို ရွေးချယ်ခြင်းပင် ဖြစ်သည်ဟု ဖော်ပြကြကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။