အာဂျင်တီးနားကို သွားနေကြတဲ့ အမေရိကန် အရာရှိတွေ ဘာကြောင့် ပါးစပ် ဟလိုက်တာနဲ့ “တရုတ်”အကြောင်းပဲ ပြောခဲ့တာလဲ

(GMT+08:00)2023-04-19 13:46:52  

“ခရီး လှည့်လည် နေတဲ့ အမေရိကန် တောင်ပိုင်း စစ်ဦးစီးချုပ် လစ်ချာစင်က အာဂျင်တီးနား အရာရှိများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ဒါပေမယ့် ဆွေးနွေးတာကတော့ လက်တင်အမေရိကမှာ တရုတ်နိုင်ငံရဲ့ သြဇာညောင်းမှု ဖြစ်တယ်”လို့ ဒေသစံတော်ချိန် အခုလ ၁၇ ရက်နေ့မှာ အာဂျင်တီးနား မီဒီယာများက အဲဒီနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နဲ့ အာဂျင်တီးနား တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို ဝေဖန်ခဲ့ပါတယ်။

ယင်းမတိုင်ခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းဒုဝန်ကြီး ရှယ်မန်ကလည်း အာဂျင်တီးနားကို ခရီးလှည့်လည်ခဲ့ပြီး အာဂျင်တီးနားကို တရုတ်နိုင်ငံနဲ့ ဆက်ဆံမှု တိုးတက်ရေး “ချင့်ချင့်ချိန်ချိန်”နဲ့ သဘောထားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အခုလောလောဆယ်မှာ အမေရိကန် အရာရှိတွေ တစ်ဦးပြီးတစ်ဦး အာဂျင်တီးနားကို အဆက်မပြတ် ရောက်ရှိလာခဲ့ပါတယ်။ ဒီလ လဆန်းပိုင်းမှာ အမေရိကန် ရီပတ်ဘ်လစ်ကန်ပါတီ အထက်လွှတ်တော် အမတ် ကိုနင်က အာဂျင်တီးနားကို သွားရောက်ပြီး အာဂျင်တီးနားနဲ့ တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် အပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ အမေရိကန် နျူကလီးယား စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဟန်စင်လည်း အာဂျင်တီးနားကို သွားရောက်ပြီး အာဂျင်တီးနားနဲ့ တရုတ်နိုင်ငံတို့ရဲ့ နျူကလီးယားစွမ်းအင်နယ်ပယ် ပူးပေါင်းဆောင်ရွက်မှုမှာ အန္တရာယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ ပြီးနောက် လစ်ချာစင်နဲ့ ရှယ်မန်တို့ အာဂျင်တီးနားကို ရောက်ရှိပြီး ပြောတာကလည်း “တရုတ်” အကြောင်းပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံက လက်တင်အမေရိက သို့မဟုတ် နိုင်ငံတကာမှာ ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်က မမြင်လိုသဖြင့် တရုတ်နိုင်ငံကို ဖိနှိပ် ဟန့်တားမှုများကို အားဖြည့်နေကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အာဂျင်တီးနားနိုင်ငံက ပထမဦးဆုံးသော Belt and Road အဆိုပြုချက်မှာ တရားဝင် ပါဝင်တဲ့ လက်တင်အမေရိက နိုင်ငံကြီး ဖြစ်လာခဲ့ပြီး ဒါဟာ နိုင်ငံအချင်းချင်း အပြန်အလှန် လေးစားရေးနဲ့ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်း၊ ဒါပေမယ့် အမေရိကန် အမြင်အရ အဲဒီ ပူးပေါင်းဆောင်ရွက်မှုဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအပေါ် စိန်ခေါ်မှု ဖြစ်ပြီး အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ ယူဆပြီး ရှိသမျှ နည်းလမ်းနဲ့ ဟန့်တား ဖျက်ဆီးခဲ့ကြောင်း အာဂျင်တီးနား မီဒီယာများက သုံးသပ်ထားတယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။