နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပပြုလုပ်ခဲ့ခြင်း

(GMT+08:00)2023-04-17 11:28:19  

နန်နင်းမြို့၊ ကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ၂၀၂၃ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ပရဝဏ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်သို့ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နိုင်ငံခြားရေးရုံး နှင့် နန်နင်းမြို့ နိုင်ငံခြားရေးရုံးတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့အခြေစိုက် အာဆီယံ(၅)နိုင်ငံမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ ကွမ်ရှီးဒေသ တရုတ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးမြှင့်တင်မှုကောင်စီ (CCPIT) မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး(CAEXPO)မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့ရှိ တက္ကသိုလ်များ၊ ဆေးရုံများမှ အဆင့်မြင့်အရာရှိကြီးများ၊ သတင်း စာနယ်ဇင်းများ၊ မီဒီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားများနှင့် နန်နင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသော မြန်မာနိုင်ငံသားကျောင်းသား/သူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 

အစီအစဉ်အရ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ မြန်မာရိုးရာသင်္ကြန်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဓိကဧည့်သည်တော်များနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ထို့နောက် နန်နင်းမြို့ရှိ Guangxi Medical University တွင် ပညာသင်ကြားနေသော မြန်မာ ကျောင်းသား/သူလေးများမှ မြန်မာ့သင်္ကြန်ယဉ်ကျေးမှုသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး နန်နင်းမြို့ရှိ အစိုးရဌာနများမှ အရာရှိကြီးများ၊ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားများက သီချင်း၊ အကများဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပြီးနောက် အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းကြကာ မြန်မာရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ သင်္ကြန်ရိုးရာအစားအစာများ ဖြစ်သည့် ဆီထမင်း၊ မုန့်လုံးရေပေါ်၊ သာကူ၊ ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြကာ မြန်မာ့ရိုးရာသင်္ကြန်သဘင်ပွဲတော်၊ မြန်မာ့ရိုးရာအစားအစာတို့နှင့် မိတ်ဆက်ပေးခဲ့ပြီး ကွမ်ရှီး ဒေသမှ အစိုးရဌာနများနှင့် ထိတွေ့ရင်းနှီးမှု ရယူကာ နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါသည်။