နိုင်ငံခြားကုန်သည်များက ဘာကြောင့် တရုတ်ပြည်ဈေးကွက်ကို အကောင်းမြင်လိုသလဲ

(GMT+08:00)2023-04-16 11:01:25  

   တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲကို ဧပြီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ကုန်စည်ပြပွဲမှာ တစ်ကမ္ဘာလုံးမှ နိုင်ငံနဲ့ ဒေသ ၆၀ ကျော်မှ လူသုံးကုန်ပစ္စည်း ၄၀၀၀ ကျော်ကို ခင်းကျင်း ပြသခဲ့ပါတယ်။

   တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စားသုံးကုန်ဈေးကွက်နဲ့ အကြီးဆုံးသော အွန်လိုင်း စားသုံးကုန် လက်လီရောင်းချရေး ဈေးကွက် ဖြစ်ပြီး စားသုံးကုန်ဆိုင်ရာ သုံးငွေ ပမာဏရဲ့ ဂျီဒီပီမှာ အချိုးအစားဟာ ၁၂ နှစ် ဆက်တိုက် ၅၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

   “စားသုံးမှု ဆန်းသစ်တီထွင်ခြင်း”ဟာ ဒီအကြိမ် ကုန်စည်ပြပွဲမှာ သော့ချက်ကျတဲ့ ဝေါဟာရ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီအကြိမ် ကုန်စည်ပြပွဲမှာ ဂျာမဏီနိုင်ငံ သန့်ရှင်းရေး စက်ကိရိယာနဲ့ သန့်ရှင်းရေး စီမံကိန်း Kah ကုမ္ပဏီက တစ်ကမ္ဘာလုံးမှာ ပထမဦးဆုံး လေဟာပြင်သုံး ခေါက်လို့ရတဲ့ သန့်ရှင်းရေးစက်ရုပ်ကို ပြသထားပါတယ်။ Kah ကုမ္ပဏီရဲ့ တရုတ်ပြည်ဆိုင်ရာ ဒါရိုက်တာချုပ် ထန်ရှောင်တုန်က အဲဒီကုန်ပစ္စည်းဟာ ကုမ္ပဏီရဲ့ တရုတ်ပြည်အဖွဲ့က လေ့လာ ဖော်ထုတ် တီထွင်ခဲ့တာ ဖြစ်တယ်။ စက်ရုပ်ထဲမှာ ဘက်ထရီနဲ့ ရေ ပါဆောင်ပြီး ရွေးလျား သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ တရုတ်လူမျိုးများရဲ့ လေဟာပြင်မှာ စခန်းချ ခရီးသွားလာရေးဆိုင်ရာ လိုအပ်ချက်သစ်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

   နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ဒီအကြိမ် ကုန်စည်ပြပွဲဟာ ကုန်ပစ္စည်းများကို ပြသတဲ့ ပလက်ဖောင်း တစ်ခုသာ မကဘဲ အနာဂတ်ရေးကို ဖန်တီးပေးတဲ့ အခွင့်ကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။ ကွမ်ကျိုးမြို့ရှိ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကုန်သွယ်ရေး ကောင်စစ်ဝန် ချင်လီလင်က လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ စတဲ့ ပလက်ဖောင်းများရဲ့ ကျေးဇူးကြောင့် ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံနဲ့ ဟိုင်နန်ပြည်နယ်ရဲ့ ကုန်သွယ်ရေး စုစုပေါင်း ပမာဏဟာ ၂၀၂၁ ခုနှစ်ကထက် ၉၂ ရာခိုင်နှုန်း ထိုးလာတယ်လို့ ပြောကြားခဲ့ပါတယ်။

    တတိယအကြိမ် လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ အပြီးမှာ ၁၃၃ကြိမ်မြောက် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ တရုတ် ဈေးကွက်ကို ကမ္ဘာ့ဈေးကွက်၊ အတူမျှဝေသောဈေးကွက်၊ လူအများရဲ့ ဈေးကွက် ဖြစ်လာဖို့ ကတိပြုချက်ကို လက်တွေ့ကျကျ ဖေါ်ဆောင် ပေးနေတယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။