လျှို့ဝှက်ဖိုင်များ ပေါက်ကြားခြင်း ထပ်မံဖြစ်ပွား၊ အမေရိကန်သည် မဟာမိတ်များအား မည်သို့ ရှင်းပြမည်နည်း

(GMT+08:00)2023-04-13 17:01:02  

ယခုနှစ် မတ်လ လဆန်းမှစ၍ အင်တာနက်တွင် အမေရိကန်၏ ထိပ်တန်း လျှို့ဝှက်ချက် ပါဝင်သော စစ်ရေး ထောက်လှမ်းရေးဖိုင် ၁၀၀ကျော်ကို ရှေ့ဆင့်နောက်ဆင့် တွေ့ရှိနိုင်ပါသည်။ ယင်းဖိုင်များသည် အမေရိကန် အစိုးရမှ ရုရှား-ယူကရိန်း ပဋိပက္ခတွင် နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်ခြင်း၊ ယူကရိန်း၊ တောင်ကိုရီးယားနှင့် အစ္စရေး အဆင့်မြင့် အရာရှိများအား ကြားဖြတ်နားထောင်မှု ဆက်တိုက် ပြုလုပ်ခြင်းစသည်များနှင့် ပတ်သက်ပါသည်။ ယင်းသည် ၂၀၁၃ခုနှစ် Wikileaks၏ လျှို့ဝှက်ချက် ပေါက်ကြားခြင်း အရေးအခင်း ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အဆိုးရွားဆုံး လျှို့ဝှက်ချက် ပေါက်ကြားခြင်း ဖြစ်ပါသည်။

ယင်းလျှို့ဝှက်ဖိုင်များပါ အချက်အလက်များကို ကြည့်ခြင်းအားဖြင့် အမေရိကန်သည် ၄င်း၏ မဟာမိတ်များ အပါအဝင် နိုင်ငံမှန်သမျှကို ယုံကြည်မှု မရှိဘဲ ရုရှား-ယူကရိန်း ပဋိပက္ခ တွင် နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်ပြီး သက်ဆိုင်ရာ အခြေအနေကို ထိန်းချုပ်လိုစိတ်ရှိတာကို တွေ့မြင်နိုင်ပါသည်။ အဘယ်ကြောင့် အမေရိကန်သည် ကြားဖြတ် နားထောင်မှုကို ယင်းကဲ့သို့ စွဲသွားသနည်း။ အမှန်ကတော့ ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ် အတွင်း ကတည်းကပင် အမေရိကန်သည် ကြားဖြတ်နားထောင်မှုကို စတင် ပြုလုပ်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် အမေရိကန်သည် ၄င်း၏ မဟာမိတ်များ အတွက် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးနှင့် စီးပွားရေး ထောက်ပံ့မှုများကို ပံ့ပိုးပေးနိုင်မည်ဟု ဖော်ပြခဲ့ပါသည်။ သို့သော် အချိန်ကြာသွားသည်နှင့် အမျှ အမေရိကန်၏ စစ်လိုလားမှုနှင့် ဗိုလ်ကျစိုးမိုးမှု လုပ်ရပ်သည် မဟာမိတ်များ၏ အကျိုးစီးပွားများနှင့် တစ်နေ့တခြား မကိုက်ညီလာသောကြောင့် မဟာမိတ်များ၏ စိတ်ဝမ်းကွဲခြင်းသည် ပိုမိုသိသာထင်ရှားလာခဲ့ပါသည်။ ထို့ကြောင့် အမေရိကန်သည် အရင်းခံမှနေ မဟာမိတ်များ အပေါ် ထိန်းချုပ်မှုကို အားဖြည့်ဆောင်ရွက်လာပြီး ၄င်းတို့၏ ပြုမူဆောင်ရွက်ချက် မှန်သမျှကို အချိန်မရွေး သတိထားပါသည်။ ကြားဖြတ်နားထောင်မှုသည် “မရှိမဖြစ် လိုအပ်သော” နည်းလမ်း တစ်မျိုး ဖြစ်လာပါသည်။ ထို့အပြင်၊ ကြားဖြတ်နားထောင်မှုသည် အမေရိကန်၏ တစ်ကမ္ဘာလုံးတွင် အကျိုးရရှိရန် နည်းလမ်း တစ်မျိုးလည်း ဖြစ်ပါသည်။

အမေရိကန်၏ သရုပ်မှန်ဝါဒနှင့် မိမိသည်သာ အကြီးမြတ်ဆုံးဟု မှတ်ယူနေသော မောက်မာသည့် စိတ်ဓာတ်ကြောင့် အခြား နိုင်ငံများ၏ ယုံကြည်မှု မရရှိနိုင်ဘဲ အမေရိကန်နှင့် အခြားနိုင်ငံများ၏ ချစ်ကြည်ရေးသည် အလွန် အားနည်းချည့်နဲ့သည်ကို အဖြစ်မှန်များက သက်သေပြနေပါသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း  Kissingerက အမေရိကန်၏ ရန်သူ အဖြစ် ဆိုရင်  အန္တရာယ် များစွာ ရှိကြောင်း၊ အမေရိကန်၏ မဟာမိတ် အဖြစ် ဆိုရင်ကတော့ ပိုမို ဆိုးရွားသော အန္တရာယ် ရှိကြောင်း ပြောကြားခဲ့ဖူးပါသည်။