ဆော်ဒီနှင့် အီရန် ဆက်ဆံမှု ပြန်လည်နွေးထွေးလာသည့် တစ်လအတွင်း အရှေ့အလယ်ပိုင်းတွင် ဤ အရေးကြီး ပြောင်းလဲမှုများ ဖြစ်ပေါ်

(GMT+08:00)2023-04-11 15:02:07  

မတ်လ ၁၀ရက်နေ့က ဆော်ဒီ အာရေဗျနှင့် အီရန် နှစ်နိုင်ငံတို့သည် ဘေကျင်းတွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး သံတမန် ဆက်ဆံမှု ပြန်လည်ထားရှိရန် သဘောတူခဲ့ကြပါသည်။ လွန်ခဲ့သည့် တစ်လ အတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် သတင်းကောင်းနှင့် တိုးတက်မှုသစ်များ နေ့တိုင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပါသည်။ ဒေသ စံတော်ချိန် ယခုလ ၈ရက်နေ့က ဆော်ဒီအာရေဗျ သံတမန် ကိုယ်စားလှယ်အဖွဲ့သည် အီရန် နိုင်ငံ တီဟီရန် မြို့တော်သို့ ရောက်ရှိပြီး နှစ်ဖက်တို့၏ သံရုံးနှင့် ကောင်စစ်ဝန်ရုံး အပြန်အလှန် ပြန်လည်ထားရှိခြင်း လုပ်ငန်း၏ အသေးစိတ် အချက်အလက်များကို တိုင်ပင်ဆွေးနွေးခဲ့ပါသည်။ ဆော်ဒီအာရေဗျ- အီရန် ဆက်ဆံမှု ပြန်လည် နွေးထွေးလာသည်နှင့် အမျှ ယီမင် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အရေးကြီး အခွင့်ကောင်းလည်း ရရှိလာပါသည်။ ဆီးရီးယားနှင့် အခြား အာရပ်နိုင်ငံများအကြား ကူးလူးဆက်ဆံမှုလည်း တိုးလာပါသည်။ လွန်ခဲ့သည့် မတ်လတွင် ဆော်ဒီအာရေဗျနှင့် ဆီးရီးယား အကြား သံရုံးပြန်လည် ဖွင့်လှစ်ရန် သဘောတူညီမှု ရရှိခဲ့ပါသည်။ ၂၀၁၁ခုနှစ်က ဆီးရီးယား အကျပ်အတည်း ဖြစ်ပွားပြီးနောက် အာရပ် နိုင်ငံများ အဖွဲ့သည် ဆီးရီးယား၏ အဖွဲ့ဝင် နိုင်ငံ အရည်အချင်းကို ရပ်စဲခဲ့ပါသည်။ လက်ရှိတွင် ဆော်ဒီ အာရေဗျ-ဆီးရီးယား ဆက်ဆံမှု ပြန်လည်နွေးထွေးလာခြင်းသည် ဆီးရီးယားက အာရပ်နိုင်ငံ မိသားစုကြီးသို့ ပြန်လည်ဝင်ရောက်မည့် သဘောကို ဆောင်နေပါသည်။ ထို့အပြင်၊ တူရကီနှင့် အီဂျစ် အကြား ဆက်ဆံမှုလည်း ပြန်လည်နွေးထွေးလာပါသည်။ မတ်လ တတိယ ၁၀ရက်ပိုင်း တွင် တူရကီနှင့် အီဂျစ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် ကိုင်ရိုမြို့တွင် တွေ့ဆုံ ဆွေးနွေး ပွဲ ကျင်းပခဲ့ပါသည်။ ယင်းသည် လွန်ခဲ့သည့် ၁၀နှစ်ကျော် အတွင်း တူရကီ နိုင်ငံ အနေနှင့် ပထမဆုံးအကြိမ် အဖြစ် ဝန်ကြီးအဆင့် အရာရှိကို စေလွှတ်ပြီး အီဂျစ်နိုင်ငံသို့ ခရီး လှည့် လည်ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံတို့က သင့်လျော်သည့် အချိန်ရောက်လျှင် နှစ်နိုင်ငံ ဆက်ဆံမှုကို သံအမတ်ကြီး အဆင့်အထိသို့ ပြန်လည်တိုးမြှင့်မည်ဟု ကြေညာခဲ့ပါသည်။

အရှေ့အလယ်ပိုင်း အခြေအနေ အလွန်ရှုပ်ထွေး၍ နိုင်ငံများ အကြား ပြန်လည်သင့်မြတ်ရေး အရိပ်အယောင် ဖြစ်ပေါ်လာသည်မှာ မလွယ်ပါ။ အကဲခတ်များက ယင်းသည် အတွင်းနှင့် ပြင်ပ အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း ယူဆကြပါသည်။ အတွင်းကို ကြည့်လျှင် အရှေ့ အလယ်ပိုင်း ပြည်သူများသည်  ကြာရှည်သော ကာလအတွင်း စစ်ဘေးဒဏ် ခံနေရပြီး ငြိမ်းချမ်းရေး အပေါ် မျှော်မှန်းတမ်းတသည်မှာ အချိန်ကြာပြီ ဖြစ်သည်။ ပြင်ပကို ကြည့်လျှင် မကြာခင် နှစ်များတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ အရှိန်မြှင့် ထွက်ခွာပြီး အာရှနှင့် ပစိဖိတ် ဒေသသို့ အာရုံစူးစိုက်မှုနှင့် အရင်းအမြစ်များကို ဆက်တိုက် ပြောင်းပေးခဲ့ပါသည်။ အရှေ့အလယ်ပိုင်း နိုင်ငံများက အမေရိကန်သည် မဟာမိတ် နိုင်ငံများ အပေါ် အစဉ်အလာ လုံခြုံရေး ဆိုင်ရာ ကတိပြုချက်ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်၍ ယုံကြည်စိတ်ချရမှု မရှိကြောင်း ယူဆကြပါသည်။ ၄င်းတို့၏ မဟာဗျူဟာ ကိုယ်ပိုင် ဆုံးဖြတ်မှု ရှာကြံရန် အသိအမြင်သည် သိသာစွာ တိုးမြင့်လာပါသည်။ တစ်ချိန်တည်းတွင် ရုရှား-ယူကရိန်း ပဋိပက္ခသည် အရှေ့အလယ်ပိုင်း နိုင်ငံများအတွက် သတိပေးချက် တစ်ခု ကျရောက်လာပါသည်။ ယင်းသတိပေးချက်မှာ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ကင်းလွတ်ပြီး စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ကာ အရှေ့အလယ်ပိုင်း၏ ကံကြမ္မာကို ကိုယ့်လက်ထဲတွင် စွဲစွဲမြဲမြဲ ချုပ်ကိုင်ထားရမည် ဖြစ်ပါသည်။

အရှေ့အလယ်ပိုင်း နိုင်ငံများ အကြား ဆက်ဆံမှု ပြန်လည် နွေးထွေးရန် အတွက် ဖျန်ဖြေပေးမှုတွင် တရုတ်ပြည်သည် မည်သည့်ဘက်ကိုမျှ မျက်နှာမလိုက်ခြင်း၊ ကိုယ်ကျိုး မရှာခြင်း၊ အသိုင်းအဝိုင်းငယ် ဖွဲ့စည်းရေး မလုပ်ခြင်း ဖြစ်သည့် သမာသမတ်ကျသော သဘောထား ရပ်တည်ချက်ကို စွဲကိုင်ခြင်းကြောင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၏ ယုံကြည်မှုကို ရရှိခဲ့ ပါသည်။ တရုတ်ပြည်သည် အရှေ့အလယ်ပိုင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် တိုးမြှင့်ပေးသူ၊ အရှေ့အလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေး အတွက် ပူးပေါင်းဆောင်ရွက်သူနှင့် အရှေ့အလယ်ပိုင်း စည်းလုံး ညီညွတ်ရေးနှင့် ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းအတွက် တွန်းအားပေးသူ အဖြစ် ဆက်လက်ပါဝင်ဆောင် ရွက်မည် ဖြစ်ပါသည်။