ရှီကျင့်ဖိန် ၊ မက်ခရွန် နှင့် ဗွန်ဒေလိုင်အင်တို့သည် တရုတ် ပြင်သစ် ဥရောပ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2023-04-07 16:40:15  

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ ပြင်သစ် သမ္မတ မက်ခရွန် နှင့် ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒေလိုင်အင်တို့သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ် ပြင်သစ် ဥရောပ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က သမ္မတ မက်ခရွန်နှင့် ဥက္ကဋ္ဌ ဗွန်ဒေလိုင်အင်တို့ တရုတ်နိုင်ငံကို အတူ လာရောက်လည်ပတ်ခြင်းသည် ဥရောပ၏ တရုတ်နိုင်ငံနှင့် ဆက်ဆံမှု တိုးမြှင့်ရန် တက်ကြွသည့်ဆန္ဒကို ပြသနေပြီး တရုတ်နှင့် ဥရောပ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီ ပါကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် ဥရောပအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၂၀ ပြည့် ဖြစ်ပြီး တရုတ်နိုင်ငံသည် ဥရောပနှင့်အတူ တရုတ်နှင့် ဥရောပ ဆက်ဆံမှု တိုးတက်ရေး ဦးတည်ချက်ကို ကိုင်ဆောင်ပြီး အဆင့်ပေါင်းစုံမှ ကူးလူးဆက်ဆံမှုကို ဘက်စုံ ပြန်လည် ဖွင့်လှစ်ရန်၊ နယ်ပယ်အသီးသီးမှ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် စတင် ပြုလုပ်ရန်၊ နှောင့်ယှက်မှုနှင့် စိန်ခေါ်မှုများကို ဖယ်ရှားပြီး နှစ်ဖက် ဆက်ဆံမှု တိုးတက်ရေး၊ ကမ္ဘာကြီး ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးရန် ကြိုးပမ်း ဆောင်ရွက်လိုပါကြောင်း ပြောကြားပါသည်။

ဗွန်ဒေလိုင်အင်က ဥရောပနှင့်တရုတ်နိုင်ငံအကြား ဆက်ဆံမှုကို မည်သို့ စီမံခန့်ခွဲခြင်းသည် မိမိတို့၏ စီးပွားရေး တိုးတက်မှု အလားအလာအတွက် အဆုံးအဖြတ် ပေးသည့် အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သဖြင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှု ဖြတ်တောက်ခြင်း ဗျူဟာသည် ဖော်ဆောင်လို့မရသလို လက်ခံလို့လည်း မရဟု မိမိ ယူဆပါကြောင်း ပြောကြားပါသည်။

မက်ခရွန်က မိမိတို့သည် မသေချာ မရေရာဖွယ်ရာ များပြားသည့်ခေတ်တွင် ရှိနေသဖြင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ကိုယ့်အမြင် သဘောထားများကို ပွင့်လင်းစွာ ဖော်ပြရန် လိုအပ်ကြောင်း၊ သို့ဖြင့် အားလုံး သဘောတူကြသည့် ဖြေရှင်းရေးနည်းလမ်းကို ရှာတွေ့နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။