Malvinas ကျွန်းစု အချုပ်အခြာအာဏာပိုင် အရေးကို ဗြိတိန်အနေနဲ့ မသိချင်ယောင်ဆောင် မလုပ်သင့်

(GMT+08:00)2023-04-04 15:51:05  

ဧပြီလ ၂ ရက်နေ့က Malvinas ကျွန်းစု စစ်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အာဂျင်တီးနား ဒေသအရပ်ရပ်မှ ပြည်သူလူထုများက ပန်းများ ဆက်သခြင်း၊ ပြပွဲ၊ လှည့်လည်ဆန္ဒဖော်ထုတ်ပွဲ၊ တေးဂီတပွဲ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြီးခဲ့တဲ့ ၄၁ နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Malvinas ကျွန်းစု စစ်ပွဲမှာ သေဆုံးခဲ့သူများကို လွမ်းဆွတ်သတိ ရမိကြောင်း ဖော်ပြခဲ့ကြပါတယ်။ အထိမ်းအမှတ်နေ့မှာ အာဂျင်တီးနားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်အရ Malvinas ကျွန်းစုရဲ့ အချုပ်အခြာ အာဏာဆိုင်ရာ တရားမျှတတဲ့ တောင်းဆိုချက်ကို ထပ်မံ ဖော်ပြခဲ့တယ်။

၁၈၁၆ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံက စပိန် ကိုလိုနီ အုပ်ချုပ်မှုမှ ရုန်းထွက်ခဲ့ပြီး Malvinas ကျွန်းစု အပါအဝင် အာဂျင်တီးနားရဲ့ ပင်လယ်ကျွန်းများအပေါ် အချုပ်အခြာအာဏာကို ဆက်ခံကြောင်း ကြေညာခဲ့တယ်။ ဒါပေမယ့် ၁၈၃၃ ခုနှစ်မှာ ဗြိတိန်က စစ်သင်္ဘောများ စေလွှတ်ပြီး လက်နက်အင်အားနဲ့ Malvinas ကျွန်းစုကို အတင်းအဓမ္မ သိမ်းပိုက်ကာ ကိုလိုနီ အုပ်ချုပ်မှုကို ပြုလုပ်ခဲ့တယ်။ ၁၉၆၅ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် အမှတ် ၂၀၆၅ ကို အတည်ပြုခဲ့ပြီး Malvinas ကျွန်းစု အရေးကို “ကိုလိုနီ ဖျက်ပစ်ရေး” မူဘောင်အတွင်း ထည့်သွင်းကာ ဗြိတိန်နဲ့ အာဂျင်တီးနားတို့ အနေနဲ့ စေ့စပ်ဆွေးနွေးပွဲ နည်းလမ်းနဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်။ ၂၀၁၆ ခုနှစ်က ကုလသမဂ္ဂ ပင်လယ်ကမ်းလွန် နယ်နိမိတ် ကော်မတီအနေဖြင့် Malvinas ကျွန်းစုဟာ အာဂျင်တီးနား ပင်လယ် ပိုက်နက်ထဲမှာ တည်ရှိကြောင်း အကဲဖြတ် ချမှတ်ခဲ့တယ်။ ကုလသမဂ္ဂ ကိုလိုနီ ဖျက်ပစ်ရေး အထူးကော်မတီကလည်း ဗြိတိန် အစိုးရအား အာဂျင်တီးနားနဲ့ စေ့စပ် ဆွေးနွေးပွဲကို ပြုလုပ်ဖို့ အကြိမ်ကြိမ် ဆော်သြတိုက်တွန်းခဲ့တယ်။ ဒါပေမယ့် ဗြိတိန်က အဲဒါတွေကို အကုန်လုံး ငြင်းပယ်ခဲ့တယ်။

ကိုလိုနီခေတ်ဟာ ကုန်လွန်သွားခဲ့ပါပြီ။ ဗြိတိန်က မသိချင်ယောင်ဆောင်ပြီး ကိုလိုနီအုပ်ချုပ်ခြင်းကနေ အကျိုးစီးပွားများကို ဆက်လက် မလုယူသင့်ပါဘူး။ ဗြိတိန် အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး Malvinas ကျွန်းစုကို အာဂျင်တီးနား ပြည်သူများထံ အမြန်ဆုံး ပြန်ပေးသင့်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ် ။