အမေရိကန် ပုံစံ ဒီမိုကရေစီသည် အမေရိကန်အတွက် အိပ်မက်ဆိုး ဖြစ်လာပြီ

(GMT+08:00)2023-03-29 15:42:02  

ယခုလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန် နိုင်ငံ Tennesseeပြည်နယ် Nashvilleမြို့ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အသက် ၉နှစ်သား အရွယ် ကလေး ၃ယောက် အပါအဝင် လူ၆ဦး သေဆုံးခဲ့ရပါသည်။ ယင်းသည် ၂၀၂၂ခုနှစ် မေလက Texasပြည်နယ် Robbမူလတန်းကျောင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်၌ ဖြစ်ပွားသော အဆိုးဝါးဆုံး ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပါသည်။

ယခုလ ၂၈ရက်နေ့က တရုတ် အစိုးရသည် “၂၀၂၂ခုနှစ် အမေရိကန် လူ့အခွင့်အရေး ကျူးကျော်ထိပါးမှု အစီရင်ခံစာ”ကို ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအစီရင်ခံစာတွင် သေချာတိကျသော ကိန်းဂဏန်းစာရင်းနှင့် အချက်အလက်များဖြင့် လွန်ခဲ့သော တစ်နှစ် အတွင်း အမေရိကန် ပြည်သူများ၏ အခြေခံ အခွင့်အရေးနှင့် လွတ်လပ်ခွင့် တစ်ဆင့်တိုး ထိခိုက်မှု ခံခဲ့ရသည့် အဖြစ်မှန်များကို ဖော်ပြ ထားပါသည်။ သေနတ်ပစ်ခတ်မှုသည် အမေရိကန် ကလေးများ သေဆုံးသည့် အဓိကအကျဆုံး အကြောင်းရင်း ဖြစ်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ပြည်သူများ၏ လုံခြုံရေး အာမခံမှု မရရှိနိုင်ခြင်း၊ အမေရိကန် ပုံစံ ရွေးကောက်ပွဲက သူဌေးများ၏ ကစားမှု ဖြစ်လာခြင်း၊ လူမျိုးရေး ခွဲခြားမှု တစ်နေ့တခြား ဆိုးဝါးလာခြင်းနှင့် ဆင်းရဲချမ်းသာ ကွာဟမှု တစ်ဆင့်တိုးလာခြင်းစသည်များက အမေရိကန်ပြည်သူများ၏ ပြည်တွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် အသိအမြင်များကို ဘက်စုံ ပျက်ပြားစေခဲ့ပါသည်။ NBCသတင်းဝက်ဘ်ဆိုက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော စစ်တမ်းကောက်ယူမှု တစ်ရပ်၏ ရလဒ်အရ ဒီမိုကရက်တစ်ပါတီ မဲဆန္ဒရှင် ၇၂ရာခိုင်နှုန်း၊ ရီပတ်ဘလစ်ကန်ပါတီ မဲဆန္ဒရှင် ၆၈ရာခိုင်နှုန်းနှင့် ကြားနေ မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်း တို့က အမေရိကန် ဒီမိုကရေစီသည် ခြိမ်းခြောက်မှု ခံနေရကြောင်း ယူဆကြသည်ဟု သိရပါသည်။

အဘယ်ကြောင့် အမေရိကန် ပြည်သူများသည် အမေရိကန် ပုံစံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် မျှော်လင့်ချက်ကင်းမဲ့လာသနည်း။ အကြောင်းရင်း ၂ခု ရှိပါသည်။ တစ်ခုက ငွေကြေး ဖြစ်ပါသည်။ အမေရိကန်တွင် နိုင်ငံရေး အပေါ် ငွေကြေးလွှမ်းမိုးခြင်းကြောင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် သေရေးရှင်ရေးကို အလေးထားဂရုပြုသူ မရှိပါ။ နောက်တစ်ခု ကတော့ ပါတီများ အကြား တိုက်ခိုက်မှု ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ခန့် အတွင်း နိုင်ငံရေး ဆိုင်ရာ ကွဲပြားမှုသည် အမေရိကန် နိုင်ငံရေး၏ အထင်ရှားဆုံး ထူးခြားချက် တစ်ခု ဖြစ်လာပါသည်။ GovTrackဝက်ဘ်ဆိုက်မှ စာရင်း အရ အမေရိကန် လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သော ဥပဒေ၏ အရေအတွက်မှာ ၁၉၉၃- ၁၉၉၈ခုနှစ် လွှတ်တော်အချိန်ကာလတွင် ၄၂၄၇ခုရှိရာမှ ၂၁၁၁-၂၁၁၆ခုနှစ်  လွှတ်တော် အချိန်ကာလတွင် ၂၀၈၁ခု အထိ လျော့နည်းသွားခဲ့ကြောင်း သိရပါသည်။ နိုင်ငံရေးပါတီများ၏ အကျိုးစီးပွားနှင့် အုပ်စုများ၏ အကျိုးစီးပွားကို ထိပ်ဆုံးနေရာတွင် ထားရှိခြင်းကြောင့် ပြည်သူများ၏ အကျိုးစီးပွားသည် ဘေးကပ်နေစေခြင်းသာ ခံရပါသည်။

သို့သော် အမေရိကန်သည် ပြည်တွင်း လူ့အခွင့်အရေး ဆိုးရွားမှုကို မျက်ကွယ်ပြုထားပြီး လူ့အခွင့်အရေးကို လက်နက် အဖြစ် အသုံးပြုကာ အခြား နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိပ်တိုက်ရင်ဆိုင်မှု၊ သွေးခွဲမှုနှင့် ရှုပ်ထွေးမှုများကို ဖန်တီးနေပါသည်။ အမေရိကန် ပုံစံ ဒီမိုကရေစီသည် အမေရိကန် ပြည်သူများ၏ ကြောက်ဖွယ် အကောင်းဆုံးသော အိပ်မက်ဆိုး ဖြစ်သလို ကမ္ဘာ့ နိုင်ငံ အသီးသီးရှိ ပြည်သူများ၏ အိပ်မက်ဆိုးလည်း ဖြစ်ပါသည်။