တရုတ်-ဟွန်ဒူရပ် သံတမန် ဆက်ဆံရေး ထားရှိခြင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်ခြင်းက နိုင်ငံတကာ တရားမျှတမှု ဖြစ်သည်ကို ထပ်မံ သက်သေပြ

(GMT+08:00)2023-03-27 15:05:46  

ဟွန်ဒူရပ်က ထိုင်ဝမ် အာဏာပိုင်နှင့် “သံတမန် ဆက်ဆံမှု ဖြတ်တောက်”သည်ဟု ကြေညာခဲ့ပြီးနောက် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ဟွန်ဒူရပ် နိုင်ငံတို့သည် ယခုလ ၂၆ရက်နေ့က သံတမန် ဆက်ဆံမှု ထားရှိခဲ့ပါသည်။ လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် တရုတ်ပြည်နှင့် သံတမန် ဆက်ဆံမှု ထားရှိသော နိုင်ငံ ၁၈၂နိုင်ငံ ရှိပြီ ဖြစ်ပါသည်။ ထိုင်ဝမ် အာဏာပိုင်နှင့် “သံတမန် ဆက်ဆံမှု”ဆိုသည်ကို ထားရှိခဲ့သည့် နိုင်ငံ ၁၃နိုင်ငံသာ ကျန်ရှိပါသည်။ ယင်းသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူက နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြသည့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူ ဖြစ်သည်ကို ပြဆိုနေပါသည်။ ဟွန်ဒူရပ် နိုင်ငံ၏ ရွေးချယ်မှုသည် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေ ရှိပါသည်။

ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိသလို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရသည် တရုတ်ပြည်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ် ပိုင်နက်နယ်မြေတွင် ခွဲခြား၍ မရသော အစိတ်အပိုင်း ဖြစ်ပါသည်။ ယင်းသည် ငြင်းဆို၍ မရသော သမိုင်းနှင့် ဥပဒေ သဘောတရားဆိုင်ရာ အဖြစ်မှန် ဖြစ်ပါသည်။ ဟွန်ဒူရပ်က တရုတ်ပြည်နှင့် သံတမန် ဆက်ဆံမှု ထားရှိခြင်းသည် လက်တင် အမေရိက နိုင်ငံများ၏ ဂုဏ်သိက္ခာရှိသော ဖွံ့ဖြိုးတိုးတက်ရေးကို ရှာကြံရန် ပြင်းပြသော လိုအင်ဆန္ဒကို ပြသနေပါသည်။ တရုတ်ပြည်နှင့် သံတမန် ဆက်ဆံရေး ထားရှိခြင်းသည် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေပြီး အပြန်အလှန် လေးစားခြင်း၊ တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်တွင် win-winကို အကောင်အထည် ဖော်ဆောင်နိုင်ကာ ကိုယ့်နိုင်ငံနှင့် ပြည်သူများ၏ အရင်းခံ အကျိုးစီးပွား၊ရေရှည် အကျိုးစီးပွားများနှင့် လုံးဝကိုက်ညီသည်ဟု ပိုမိုများပြားသည့် နိုင်ငံများက သိရှိလာပါသည်။

တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်ခြင်းသည် နိုင်ငံတကာ တရားမျှတမှု ဖြစ်ပါသည်။ ထိုင်ဝမ် သီးခြား လွတ်လပ်ရေး အင်အားက တရုတ်ပြည် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ခေတ်ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်းသည် သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်ပါသည်။ တရုတ်ပြည်သူများ၏ နိုင်ငံတော် အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို ထိန်းသိမ်းကာကွယ်ရန် ခိုင်မာစွဲမြဲသောဆန္ဒ၊ ကြံ့ခိုင်သော စိတ်ပိုင်းဖြတ်မှုနှင့် ကြီးမားတောင့်တင်းသော စွမ်းဆောင်ရည်ကို မည်သူကမျှ လျှော့မတွက်သင့်ပါ။