Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးတွင် ပွင့်လင်း မြင်သာမှုရှိရန် မျှော်လင့်ချက်မထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00)2023-03-24 13:45:32  

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ရုရှားနိုင်ငံအနေဖြင့် Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးတွင် ပါဝင်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာဘက်အသီးသီးတို့၏ မည်သည့်တုံ့ပြန်မှုမျှ မရရှိသေး ကြောင်း မတ်လ ၂၃ရက်နေ့က ပြောကြားခဲ့ပါသည်။

ဝန်ကြီး Sergey Lavrov က ရုရှားနိုင်ငံအနေဖြင့် ပေါက်ကွဲမှု စုံစမ်းစစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန် မျှော်လင့်ချက် မထားသော်လည်း ပေါက်ကွဲမှု၏ အဖြစ်မှန်ကို ဆက်လက်စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့က ရုရှားနိုင်ငံမှ ဘောလ်တစ်ပင်လယ် မှတစ်ဆင့် ဂျာမဏီနိုင်ငံစသည့် ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ပေးပို့သော Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ဘက်အသီးသီး တို့က ၄င်းပေါက်ကွဲမှုသည် “တမင်သက်သက်ဖျက်ဆီးခြင်း” ဖြစ်ကြောင်း ယူဆကြပါသည်။ ရက်အနည်းငယ်အကြာတွင် ဒိန်းမတ်၊ ဆွီဒင်နှင့် ဂျာမဏီနိုင်ငံတို့သည် သီးခြား စုံစမ်းစစ်ဆေးမှုများ အသီးသီးပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံသည် စုံစမ်းစစ်ဆေးရေးတွင် ပါဝင်ရန် ကြိမ်ဖန်များစွာ ပန်ကြားခဲ့သော်လည်း သက်ဆိုင်ရာနိုင်ငံများသည် ငြင်းပယ်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့က အမေရိကန်ဝါရင့်သတင်းထောက် Seymour Myron Hersh က Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကို အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်၏ ညွှန်ကြားချက်ဖြင့် အမေရိကန်စစ်ဘက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး နော်ဝေစစ်ဘက်သည်လည်း ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ပေါက်ကွဲမှုနှင့်မသက်ဆိုင်ကြောင်း ငြင်းဆိုလိုက်ပါသည်။ အနောက်တိုင်းနိုင်ငံများမှ နိုင်ငံရေးသမားများနှင့် မီဒီယာများသည်လည်း Seymour Myron Hersh ၏ ပြောဆိုချက်ကို စုပေါင်းနှုတ်ဆိတ်နေကြပါသည်။