ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထားစစ်တမ်း - ပို၍သာလွန်သည့် ဒီမိုကရေစီဟူ၍ မရှိ၊ နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီမှုရှိခြင်းသာ အကောင်းဆုံးဖြစ်

(GMT+08:00)2023-03-23 14:22:01  

China Media Group ၏ CGTN Think Tank သည် ယခုရက်ပိုင်းတွင် တရုတ်ပြည်သူ့တက္ကသိုလ် အမျိုးသားစီမံအုပ်ချုပ်ရေးနှင့် လူထုသဘောထားအခြေအနေ လေ့လာရေးဌာနနှင့် ပူးပေါင်း၍ “ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ်” ပင်လယ်ရပ်ခြားမှ ပြည်သူများ၏ သဘောထားစစ်တမ်း ကောက်ယူမှုကို ပြုလုပ်ခဲ့သည်။ တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူများသည် အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများကို များစွာ အလေးထားကြကြောင်း၊ တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူ ၈၄.၈% က ပို၍သာလွန်သော ဒီမိုကရေစီဟူ၍ မရှိ၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်သည်သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆကြကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြနေပါသည်။

 

အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်သည် အဓိက အခြေခံလူ့အခွင့်အရေးများဖြစ်

ဒီမိုကရေစီစနစ်၏ အရေးပါမှုနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူများ၏ အမြင်တွင် နံပါတ်တစ်သည် “အခြေခံ အသက်ရှင်သန်ခွင့်” (ရွေးချယ်သူ ၄၀.၇%) ဖြစ်သည်၊ နံပါတ်နှစ်သည် “လူတိုင်း တန်းတူညီမျှမှုရှိသော” ဥပဒေစနစ် အခွင့်အရေး (ရွေးချယ်သူ ၂၉.၃%) ဖြစ်ပြီး နံပါတ်သုံးနှင့် လေးမှာ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး” (ရွေးချယ်သူ ၂၉%) နှင့် “လူနေမှုဘဝအဆင့်အတန်းမြင့်မားရေး” (ရွေးချယ်သူ ၂၈.၄%) တို့ကို ကိုယ်စားပြုသည့် ဖွံ့ဖြိုးတိုးတက်ခွင့် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အရေးပါမှုကို မဲပေးရာတွင် အနောက်တိုင်းဒီမိုကရေစီ အယူအဆများ၏ “တစ်ဦးလျှင် တစ်မဲ ရွေးကောက်ပွဲစနစ်” နှင့် “အာဏာ ချိန်ခွင်လျှာညှိခြင်း” တို့သည် ထိပ်တန်း ၁၀ စာရင်းတွင် မပါဝင်ခဲ့ပေ။ ၎င်းအနက် “တစ်ဦးလျှင် တစ်မဲ ရွေးကောက်ပွဲစနစ်” သည် ဖြေကြားသူ ၂.၈% ၏ ထောက်ခံမှုကိုသာ ရရှိခဲ့ပြီး အာဏာသုံးရပ်ခွဲရပ်မှုကို ကိုယ်စားပြုသော “အာဏာ ချိန်ခွင်လျှာညှိခြင်း” ကို ဖြေကြားသူ ၂.၆% သာ ရွေးချယ်ခဲ့သည်။

စစ်တမ်းတွင် တစ်ကမ္ဘာလုံးမှ ဖြေကြားသူ ၈၄.၃% က ဒီမိုကရေစီသည် တပြေးညီမဟုတ်၊ မတူကွဲပြားသော နိုင်ငံများနှင့် ယဉ်ကျေးမှုနောက်ခံများတွင် မတူညီသောပုံစံများ ရှိကြကြောင်း ယူဆကြသည်။ ဖြေကြားသူ ၈၄.၈% က နိုင်ငံတစ်နိုင်ငံသည် နိုင်ငံရေးစနစ်ကို ရွေးချယ်ရာတွင် ယင်းနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံ၏အခြေအနေများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ပို၍သာလွန်သော ဒီမိုကရေစီဟူ၍ မရှိ၊ နေရာတိုင်းအတွက် သင့်လျော်သော ဒီမိုကရေစီပုံစံလည်း မရှိကြောင်း ယူဆကြသည်။ ဖြေကြားသူ ၈၆.၈% က နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံရာတွင် အပြန်အလှန် လေးစားသင့်ပြီး တူညီမှုများကို ရှာဖွေကာ မတူညီမှုများကို ထိန်းသိမ်းထားသင့်ကြောင်း ယူဆကြသည်။

 

ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိကရေစီ သဘောတရားကို တစ်ကမ္ဘာလုံးမှ စစ်တမ်းဖြေကြားသူများက ထောက်ခံကြ

ဒီမိုကရေစီသည် အလှဆင်ပစ္စည်းမဟုတ်၊ ဗန်းပြမဟုတ်၊ ပြည်သူများ၏ ဖြေရှင်းရန်လိုအပ်နေသော လက်တွေ့ပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုရန်ဖြစ်သည်ဟု တရုတ်နိုင်ငံက အမြဲလက်ကိုင်ထားသည်။ လွန်ခဲ့သော ဆယ်စုနှစ်အချို့အတွင်း တရုတ်နိုင်ငံသည် ဖြစ်စဉ်တစ်ရပ်လုံးပြည်သူ့ဒီမိုကရေစီ တည်ဆောက်ရေးကို ဘက်စုံမြှင့်တင်ခဲ့ပြီး ပြည်သူလူထုအများဆုံး ကျယ်ကျယ်ပြန့်ပြန့် ဆက်တိုင်ပါဝင်မှုကို အကောင်အထည်ဖော်ဆောင်ခဲ့သည်။ ဖြစ်စဉ်တစ်ရပ်လုံးပြည်သူ့ဒီမိုကရေစီ၏ အဓိကသဘောတရားကိုလည်း ယခုစစ်တမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့ကြသည်။

စစ်တမ်းတွင် ဖြေကြားသူ ၈၈.၃% က ဒီမိုကရေစီဆိုသည်မှာ အစိုးရခေါင်းဆောင်များက ပြည်သူလူထု၏ သဘောဆန္ဒများကို ထင်ဟပ်နိုင်ပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်ကာ ပြည်သူလူထု၏ စောင့်ကြည့်မှုကို လက်ခံနိုင်ရမည်ဟု ယူဆကြသည်။ မြောက်အမေရိကနိုင်ငံများမှ ဖြေကြားသူ ၉၁.၂% ကျော်တွင် ထိုကဲ့သို့ အမြင်ရှိကြသည်။ တစ်ချိန်တည်းတွင် ဖြေကြားသူ ၈၁.၅% က ဒီမိုကရေစီသည် ပြည်သူလူထုဘဝ ကဏ္ဍအားလုံးကို လွှမ်းခြုံသင့်ပြီး အများပြည်သူဆိုင်ရာ ကိစ္စရပ်အသီးသီးကို ဒီမိုကရေစီနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယူဆကြသည်။ ထို့ပြင် ဖြေကြားသူ ၈၆.၇% က ဒီမိုကရေစီစနစ်သည် အထူးအကျိုးစီးပွားအုပ်စုများထက် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အထူးသဖြင့် အားနည်းသောအုပ်စုများနှင့် အပယ်ခံအုပ်စုများ၏ ကျိုးကြောင်းဆီလျော်မှုရှိသော စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကာ ၎င်းတို့ပါဝင်ရန်လမ်းကြောင်းကို ချဲ့ထွင်သင့်ကြောင်း ယူဆကြသည်။ စစ်တမ်းတွင် ဖြေကြားသူ ၈၇.၃% က ဒီမိုကရေစီ ရွေးကောက်ပွဲကို အလေးထားရန်သာမက ရွေးကောက်ပွဲအလွန် စီမံအုပ်ချုပ်ရေးကိုလည်း အလေးထားရမည် ဖြစ်ကြောင်း၊ နှစ်ခုစလုံးသည် တပြေးညီ အရေးကြီးပြီး မရှိမဖြစ်လိုအပ်ကြောင်း ယူဆကြသည်။

တရုတ်နိုင်ငံ၏ ဖြစ်စဉ်တစ်ရပ်လုံးပြည်သူ့ဒီမိုကရေစီ လမ်းကြောင်းသည် အနောက်တိုင်း နိုင်ငံရေး၊ သမိုင်း၊ ယဉ်ကျေးမှုဓလေ့များနှင့် မတူညီသော ဒီမိုကရေစီလမ်းကြောင်း ဖြစ်သည်။ စစ်တမ်းတွင် တစ်ကမ္ဘာလုံးမှ ဖြေကြားသူ ၇၅.၄% က ဥရောပ၊ အမေရိကနိုင်ငံများနှင့် မတူညီသော နိုင်ငံရေးစနစ်ကို တရုတ်နိုင်ငံက ကျင့်သုံးခြင်းကြောင့် အများ၏အာရုံစိုက်ခြင်း ခံရသော ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ယူဆကြသည်။ အာဖရိကနိုင်ငံများမှ ဖြေကြားသူများ၏ ၈၃.၁% ကျော်တွင် ထိုကဲ့သို့ အမြင်ရှိကြသည်။ မှတ်သားထိုက်သည်မှာ အာဖရိကနိုင်ငံများမှ ဖြေကြားသူများ၏ အမြင်တွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် ဒီမိုကရေစီအတွေ့အကြုံများသည် လေ့လာအတုယူထိုက်ဆုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ ထိပ်ဆုံးတွင် ရပ်တည်နေခြင်းပင် ဖြစ်သည်။

"ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစနစ်" ပင်လယ်ရပ်ခြားမှ ပြည်သူများအား သဘောထားစစ်တမ်း ကောက်ယူရာတွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ဖြေကြားသူ ၃၇၇၆ ဦး၏ အကျုံးဝင်အဖြေလွှာများကို လက်ခံရရှိခဲ့ကြောင်း၊ ဖြေကြားသူများတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်သူများ ပါဝင်ပြီး နမီးဘီးယား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန် စသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများလည်း ပါဝင်ကြောင်း သိရသည်။