ရှီကျင့်ဖိန်သည် ရုရှားသမ္မတ ပူတင်နှင့် အကြီးစား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2023-03-22 11:59:56  

ဒေသစံတော်ချိန် မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရုရှားသမ္မတပူတင်နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ အကြီးစားတွေ့ဆုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က နှစ်ဘက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုများဖြင့် တရုတ်-ရုရှား ဆက်ဆံရေးသည် အားကောင်းပြီး ပုံမှန်တည်ငြိမ်သော တိုးတက်မှုအလားအလာကို အမြဲထိန်းသိမ်းထားကြောင်း ၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်ခြင်း၊ အပြန်အလှန် အကျိုးရှိစေခြင်းနှင့် နှစ်နိုင်ငံပြည်သူများ စိတ်ချင်း ဆက်နွှယ်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီး စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်၊ လူမှုယဉ်ကျေးမှုနှင့် ဒေသတွင်းစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများဆက်လက် တိုးတက်လျက်ရှိကြောင်းပြောကြားခဲ့ပါ သည်။

 ယခုနှစ်သည် တရုတ်နိုင်ငံက တရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ၏ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံအကောင်အထည်ဖော်သည့် ပထမဆုံးနှစ်ဖြစ် ကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးတိုးတက်မှုအနေအထားသစ်ကို ပိုမို လျင်မြန်စွာ ထူထောင်ကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ တရုတ်အသွင်ပုံစံခေတ်မီရေးကို ဘက်စုံ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။