ရှီကျင့်ဖိန်သည် ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်နှင့် တွေ့ဆုံ

(GMT+08:00)2023-03-22 11:58:57  

ဒေသစံတော်ချိန် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားဖက်ဒရေးရှင်းအစိုးရရုံးဌာန၌ ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်နှင့် တွေ့ဆုံခဲ့ကြောင်းChina Media Groupမှ သတင်းအရ သိရပါသည်။

 ရှီကျင့်ဖိန်က တရုတ်နှင့်ရုရှားတို့သည် အချင်းချင်း၏အကြီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်လည်း ဖြစ်ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာ တိုးတက်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး၏ သမိုင်းဝင် လော့ဂျစ်နှင့် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ တရုတ်အစိုးရသည် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးတက်ရန် အလေးထားပြီး နှစ်နိုင်ငံ အစိုးရဝန်ကြီးချုပ်များ ပုံမှန်တွေ့ဆုံခြင်းစနစ် စသည့် ဆက်ဆံရေးလမ်းကြောင်းမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်အသစ်များ အကောင်အထည်ဖော်ရန် မြှင့်တင်ပြီး အောင်မြင်မှုအသစ်များ ပိုမိုရရှိရန် ရုရှားဘက်နှင့်အတူကြိုးစားလိုကြောင်း ပြောကြားခဲ့ပါသည်။

မစ်ရှုစတင်က ရုရှားနိုင်ငံသည် တရုတ်အစိုးရနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရန်မျှော်လင့်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီမှုများကို လက်တွေ့ဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။