ရှီကျင့်ဖိန်၏ ရုရှားခရီးစဉ် ပထမနေ့အတွင်းဤအရေးကြီးအချက်တွေကိုအလေးထားသင့်

(GMT+08:00)2023-03-21 16:21:40  

ဒေသစံတော်ချိန် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံတွင် တရားဝင် ခရီးစတင်လှည့်လည်ပါသည်။ ယင်းသည် ၂၀၁၃ ခုနှစ် မတ်လတွင် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်နောက်ပိုင်းရှီကျင့်ဖိန်၏ နဝမအကြိမ် ရုရှားသို့ ခရီးလှည့်လည်ခြင်း ဖြစ်ပါသည်။


ပထမအချက် -- လှိုက်လှဲခမ်းနားသောဧည့်ကြိုပွဲ အခမ်းအနား

သမ္မတရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် မော်စကိုမြို့သို့ ရောက်ရှိခဲ့သည့် အခါ ရုရှားဒုတိယဝန်ကြီးချုပ် ချယ်နေရှင်ကိုအပါအဝင် အစိုးရအဆင့်မြင့် အရာရှိများကလေဆိပ်သို့ လာရောက်ပြီးလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါသည်။ ရုရှားနိုင်ငံသည် လေဆိပ်၌ ကြိုဆိုပွဲ အခမ်းအနားကိုခမ်းနားသိုက်မြိုက်စွာကျင်းပပြီးရှီကျင့်ဖိန်သည် ကြည်းလေရေဂုဏ်ပြုတပ်ဖွဲ့များအားစစ်ဆေးကြည့်ရှုခဲ့ပါသည်။


ဒုတိယအချက် -- ရောက်ပြီးပြီးချင်းထိပ်သီးခေါင်းဆောင်တို့၏ တွေ့ဆုံပွဲ

ယင်းနေ့ ညနေပိုင်းတွင် မော်စကိုမြို့သို့ ရောက်ရောက်ချင်းသမ္မတရှီကျင့်ဖိန်သည် ကရင်မလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခဲ့ပါသည်။

ယင်းသည် ၂၀၁၃ ခုနှစ်မှစပြီးနှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့၏ ၄၁ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်ပါသည်။ ယင်းသည် နိုင်ငံတကာသံတမန်ရေးတွင် ရှားပါးသောကူးလူးဆက်ဆံရေးမှတ်တမ်းတစ်ရပ်ပင် ဖြစ်ပါသည်။


တတိယအချက် -- ကြည်လင်ပြတ်သားသောသမိုင်းလော့ဂျစ်၊ အားကောင်းသောအတွင်းပိုင်းတွန်းအား

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတရှီကျင့်ဖိန်ကတရုတ်နှင့် ရုရှားဆက်ဆံမှုသည် ယနေ့အထိတိုးတက် လာနိုင်ခဲ့ခြင်းသည် လေးနက်သောသမိုင်းလော့ဂျစ် ရှိသည်ဟုအလေးအနက် ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်၏ ရုရှားမီဒီယာများတွင် ထုတ်ပြန်သောဆောင်းပါးတွင် တရုတ်နှင့် ရုရှားဆက်ဆံမှုသည် ကြည်လင်ပြတ်သားသောသမိုင်းဝင် လော့ဂျစ်နှင့် အားကောင်းသောအတွင်းပိုင်းတွန်းအားရှိသည်ဟုလည်းဖော်ပြထားပါသည်။


စတုတ္ထ အချက် -- အစဉ်တစိုက် ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဆင်ခြင်ဉာဏ်ပါသောအသံများ

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်ကယူကရိန်းအရေးအပေါ် ငြိမ်းချမ်းရေးနှင့် ဆင်ခြင်ဉာဏ်ပါသောအသံများသည် အဆက်မပြတ် စုစည်းနေပြီးနိုင်ငံအများစုသည် တင်းမာသောအခြေအနေဖြေလျှော့ရန်ကိုထောက်ခံပြီး ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တိုက်တွန်းကာမီးလောင်ရာလေပင့်သည့်လုပ်ရပ်တွေကိုဆန့်ကျင်ကြောင်း၊ သမိုင်းစဉ်ကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခများကိုနောက်ဆုံးတွင် တိုင်ပင် စေ့စပ် ဆွေးနွေးမှုများဖြင့် ဖြေရှင်းရန် လိုအပ်ပါကြောင်းထောက်ပြခဲ့ပါသည်။