ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် တရုတ်မှ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2023-03-21 14:52:23  

မတ်လ ၂၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းပြဿနာနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ယူကရိန်းပြဿနာနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ပကတိကျပြီး တရားမျှတသော ရပ်တည်ချက်ကို အမြဲတမ်းကိုင်စွဲထားကြောင်း၊ မိမိတို့ လုပ်ဆောင်ခဲ့သမျှ ခြုံပြီးပြောလျှင် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲ ကျင်းပရန် တွန်းအားပေးခြင်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်၊ ဆွေးနွေးရေးဘက်၊ သမိုင်း မှန်ကန်မှုဘက်တွင် အမြဲတမ်း ရပ်တည်နေပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်အစိုးရမှ သတင်းရပုဂ္ဂိုလ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ယူကရိန်းစစ်မြေပြင်သို့ လက်နက်ထောက်ပံ့ပေးသည့် နိုင်ငံမှာ တရုတ်နိုင်ငံမဟုတ်ဘဲ အမေရိကန်နိုင်ငံပင် ဖြစ်သည်ဟု မိမိအနေဖြင့် အလေးထား ပြောကြားလိုကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မီးလောင်ရာလေပင့်မှု၊ အခြားနိုင်ငံများ အား ခြိမ်းခြောက်မှုတို့ကို ရပ်စဲပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။