ကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် Pandora ဖွင့်ရန် ခြေလှမ်းတစ်လှမ်း နီးကပ်လာပြီ

(GMT+08:00)2023-03-15 15:21:27  

ဒေသ စံတော်ချိန် ယခုလ ၁၃ရက်နေ့က အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံတို့၏ ထိပ်သီးခေါင်းဆောင်တို့သည် တွေ့ဆုံဆွေးနွေးပြီး သြစတြေးလျ အတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ထောက်ပံ့ပေးရေး စီမံကိန်းကို ထုတ်ပြန်ခဲ့ကြပါသည်။ သြစတြေးလျ စစ်အရာရှိ တစ်ဦးက ၄င်းစီမံကိန်းကို ၂၀၅၅ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၅ဘီလီယံကို ရင်းနှီးမြုပ်နှံမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံတို့သည် ဘက်အသီးသီးမှ အလေးထား အာရုံစိုက်မှုများကို လျစ်လျူရှုပြီး နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကို ကိုယ့်စိတ်ကြိုက်သဘော အရ ထုတ်ပြန်ခဲ့ကြပါသည်။ ယင်းသည် တစ်ဖက်သတ် ဆောင်ရွက်မှုဖြင့် ဘက်ပေါင်းစုံ သဘောတူညီမှုကို ခုခံယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အန္တရာယ် ရှိသော လမ်းမှားပေါ်တွင် ဆက်လက် လျှောက်လှမ်းနေခြင်းလည်း ဖြစ်ပါသည်။ ၄င်း စီမံကိန်းကို လက်တွေ့ဖော်ဆောင်မည် ဆိုလျှင် အာရှနှင့် ပစိဖိတ် ဒေသ၏ အေးချမ်းတည်ငြိမ်မှုကို ဖျက်ဆီးပြီး နိုင်ငံတကာ နျူကလီးယား မပြန့်ပွားစေရေး စနစ်ကို ထိခိုက်စေကာ လက်နက်ပြိုင်ဆိုင်မှု တိုးမြှင့်၍ Pandoraကို ဖွင့်လှစ်ရာ ကျရောက်ပြီး အနာဂတ်တွင် ဘေးအန္တရာယ်များ ကုန်ဆုံးနိုင်မည် မဟုတ်ပါ။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံတို့သည် နျူကလီးယား လက်နက် မပြန့်ပွားစေရေး သဘောတူ စာချုပ်(NPT)ဝင် နိုင်ငံများ ဖြစ်ကြသော်လည်း ၄င်းစာချုပ်ပါ အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖီလာဆန့်ကျင်ပြီး လုပ်ဆောင်ကာ ယင်း “စံနမူနာပြု နျူကလီးယား ပြန့်ပွားစေရေး အရေးအခင်း”ကို ဖန်တီးခဲ့ပါသည်။ ၃နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် NPT၏ ရည်မှန်းချက်နှင့် မူများကို ကျောခိုင်းပြီး “နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ စည်းမျဉ်းဥပဒေ”နှင့် “တောင်ပစိဖိတ် သမုဒ္ဒရာ နျူကလီးယား ကင်းမဲ့ဇုန် သဘောတူ စာချုပ်”ပါ သတ်မှတ်ချက်များကိုလည်း ဖောက်ဖျက်နေပါသည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ ၃နိုင်ငံတို့သည် အုပ်စုငယ် အသွင်ပုံစံဖြင့် အာရှနှင့် ပစိဖိတ် ဒေသတွင် စစ်ရေး မဟာဗျူဟာ အားသာချက် ရရှိပြီး နေတိုးအဖွဲ့၏ ဒေသတွင်း ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော်ခြင်း ပရိယာယ်ကို အာရှနှင့် ပစိဖိတ် ဒေသသို့ တင်ပို့ရန် ရည်ရွယ်ထားပါသည်။ နျူကလီးယား ရေငုပ် သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် ၄င်း၃နိုင်ငံတို့၏ သီးသန့်အရေးကိစ္စ မဟုတ်ဘဲ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အဖွဲ့ဝင် နိုင်ငံ အားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သောကြောင့် အဖွဲ့ဝင် နိုင်ငံ အားလုံး အနေနှင့် အစိုးရချင်း အစီအစဉ်ဖြင့် အတူတကွ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ကြသင့်ပါသည်။