ဆော်ဒီအာရေဗျနှင့် အီရန် သံတမန် ဆက်ဆံမှု ပြန်လည်ထားရှိခြင်းသည် ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးခြင်း၏ အောင်မြင်မှု ဖြစ်

(GMT+08:00)2023-03-12 16:55:09  

      မတ်လ ၁၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံနှင့် အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံတို့သည် သုံးပွင့်ဆိုင် ပူးတွဲကြေညာချက်ကို ဘေကျင်းမြို့၌ ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သည် နှစ်ဖက်အကြား သံတမန်ဆက်ဆံရေး ပြန်လည် ထားရှိရန်၊ အမြန်ဆုံး ၂ လအတွင်း သံရုံးနှင့် ကိုယ်စားလှယ်ရုံးများကို ပြန်လည်ဖွင့်လှစ်ရန်၊ သံအမတ်ကြီးများ  အပြန်အလှန် စေလွှတ်ရန်နှင့် နှစ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေးကို ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ထို့အပြင်၊ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ပေးဖို့ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း သုံးနိုင်ငံတို့က ကြေညာခဲ့ပါသည်။

နိုင်ငံတကာ မီဒီယာများစွာတို့သည် ယင်းကို အပြုသဘောဆောင်သော မှတ်ချက် ပေးပါသည်။ အနောက်နိုင်ငံ မီဒီယာများကလည်း တရုတ်ပြည်၏ ကြားဝင်ဖျန်ဖြေမှုကို အတည်ပြုပါသည်။ အိုမန်၊ လက်ဘနွန်နှင့် အီရတ် စသည့် အရှေ့အလယ်ပိုင်း နိုင်ငံများသည် ယင်းသုံးပွင့်ဆိုင် ပူးတွဲကြေညာချက် အပေါ် ကြိုဆိုကြောင်း ဖော်ပြခဲ့ပါသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ပြန်လည်ထားရှိခြင်း အတွက် စေ့စပ်ညှိနှိုင်းမှုတွင် တရုတ်နိုင်ငံ၏ ကူညီဆောင်ရွက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် ပင်လယ်ကွေ့ဒေသ တည်ငြိမ်ရေး အတွက် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

သမိုင်းရှုထောင့်မှ ကြည့်လျှင် ယင်းသည် ရခဲလှသော အောင်ကျိုးရလဒ် ဖြစ်သည်ကို လူအများ ပိုပြီး သိရှိနားလည်နိုင်ပါသည်။ ဆော်ဒီအာရေဗျနှင့် အီရန်သည် အစ္စလာမ် ဆွန်နီဂိုဏ်းနှင့် ရှီးယိုက်ဂိုဏ်းကို အသီးသီး ကိုယ်စားပြုနိုင်ပြီး ဆီးရီးယား အကျပ်အတည်း၊ လက်ဘနွမ် အခြေအနေ၊ ယီမင် ပြည်တွင်းစစ်ပွဲ စသည့် ပြဿနာများ အပေါ် ထိပ်တိုက်ရင်ဆိုင်မှု နှစ်ရှည်လများ ထားရှိခဲ့ပါသည်။ ၂၀၁၆ခုနှစ် နှစ်ဆန်းက ဆော်ဒီအာရေဗျ နိုင်ငံသား၊ ရှီးယိုက်ဂိုဏ်း သာသနာပြုဆရာ အရေးအခင်းကြောင့် နှစ်နိုင်ငံသည် သံတမန် ဆက်ဆံမှုကို ဖြတ်တောက်ခဲ့ပါသည်။

အမှန်တကယ်တော့ နှစ်နိုင်ငံတို့ ဘေကျင်းတွင် သဘောတူညီမှု ရရှိခြင်းသည် အကျိုးအကြောင်း ဆီလျော်ပါသည်။ လွန်ခဲ့သည့် နှစ်များတွင် အမေရိကန် ဦးဆောင်သော အနောက် နိုင်ငံများသည် အရှေ့အလယ်ပိုင်း ဒေသတွင် ပဋိပက္ခများကို အဆက်မပြတ် ဖန်တီးပြီး ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံတို့သည် ကြီးမားသည့် တန်ရာတန်ကြေးများကို ပေးဆပ်သွားခဲ့ပါသည်။ အမေရိကန်ကို မှီခိုအားထား၍ မရဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြင့်သာ ပြဿနာကို ဖြေရှင်းနိုင်မည်ကို အရှေ့အလယ်ပိုင်း နိုင်ငံများ ရှင်းရှင်းလင်းလင်း သိမြင်လာကြပါသည်။ ယင်းသည် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ပြန်လည်ထားရှိရန် အတွင်းပိုင်း တွန်းအားပင် ဖြစ်ပါသည်။

တရုတ်ပြည်သည် အရှေ့အလယ်ပိုင်း ဒေသ နိုင်ငံများ၏ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်မှု  နှင့် ဒေသတွင်း နိုင်ငံများ အကြား ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းရေးအား အမြဲတစေ အားပေးထောက်ခံပြီး ကိုယ်ကျိုးရှာခြင်းနှင့် အသိုင်းအ၀ိုင်းငယ် ဖွဲ့စည်းခြင်း

မပြုပါ။ တရုတ်ပြည်သည် အရှေ့အလယ်ပိုင်း နိုင်ငံများ ယုံကြည်စိတ်ချရသော တောက်လျှောက် စစ်မှန်သည့် မိတ်ဆွေ ဖြစ်၍ စိတ်ရင်းစေတနာရှိပြီး ယုံကြည်စိတ်ချရသော ဖျန်ဖြေသူ ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနှင့် အီရန် အကြား သံတမန် ဆက်ဆံမှု ပြန်လည်ထားရှိခြင်းသည် နိုင်ငံကြီး တစ်နိုင်ငံ အနေဖြင့် တရုတ်ပြည်၏ တာဝန်ယူတတ်ခြင်းကို ပြသနေပါသည်။

အရှေ့အလယ်ပိုင်း နိုင်ငံကြီးများ အနေဖြင့် ဆော်ဒီအာရေဗျနှင့် အီရန် အကြား သံတမန် ဆက်ဆံမှု ပြန်လည်ထားရှိခြင်းသည် ဒေသတွင်း အေးချမ်းတည်ငြိမ်မှု အကောင်အထည် ဖော်ဆောင်ရေး အတွက် လမ်းခင်းပေးပြီး စေ့စပ်ဆွေးနွေးခြင်းဖြင့် ပဋိပက္ခ ဖြေရှင်းရေး အတွက်လည်း စံနမူနာကို စိုက်ထူကာ ယီမင်၊ ဆီးရီးယားနှင့် လစ်ဗျား ပြည်တွင်းစစ်ပွဲများ လျောပါးစေရေးနှင့် ဖြေရှင်းရေး အတွက် အားပေးမှု ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ယင်းသည် ကမ္ဘာ့လုံခြုံရေး အဆိုပြုချက်၏ အဖိုးတန်သော တန်ဖိုးကို ပေါ်လွင်စေပြီး ၄င်းအဆိုပြုချက်ကို သက်ဝင်လှုပ်ရှားစေခဲ့သည့် လက်တွေ့ဖော်ဆောင်မှုလည်း ဖြစ်ပါသည်။

ပြဿနာက မည်သို့ပင် ရှုတ်ထွေပွေလီပြီး အကဲဆတ်သည် ဖြစ်စေ အပြန်အလှန် လေးစားခြင်း အခြေခံမူဖြင့် တန်းတူညီမျှသော စေ့စပ်ဆွေးနွေးမှု ပြုလုပ်လျှင် ဘက်အသီးသီးတို့ လက်ခံနိုင်သော ဖြေရှင်းရေး နည်းလမ်းကို ရှာကြံရရှိနိုင်လိမ့်မည် ဖြစ်ပါသည်။ မတည်မငြိမ်ဖြစ်သော ကမ္ဘာတွင် ငြိမ်းချမ်းရေးသည် ခေတ်ရေစီးကြောင်း ဖြစ်သလို စေ့စပ်ဆွေးနွေးခြင်းသည် မှန်ကန်သည့် ဖြေရှင်းရေး နည်းလမ်းဖြစ်ပါသည်။