အာရှအားကစားပြိုင်ပွဲအကြို Asian Games Fun Run ပြိုင်ပွဲအား ရန်ကုန်မြို့ ၌ ကျင်းပ

(GMT+08:00)2023-03-11 12:08:24  

မကြာမီ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပရိုးမိုးရှင်းအစီအစဉ်အနေဖြင့် Asian Games Fun Run ပြိုင်ပွဲအား မြန်မာနိုင်ငံ ရန်ကုန်မြို့ ၌ မတ်လ (၁၀) ရက်နေ့တွင် ကျင်းပခဲ့သည်။
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Asian Games) ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့ ၌ စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Asian Games Fun Run ပြိုင်ပွဲအား မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်း နိုင်ငံအသီးသီး၌ ပြုလုပ်လျက်ရှိသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
“ဒါကတော့ ကျွန်တော်တို့ Fun Run ဖြစ်တဲ့အတွက် ပရိုမိုးရှင်း သီးသန့်တစ်ခုပါပဲ။ ဒီကလေးတွေ Asian Games ဆိုတာ ဘာလဲဆိုတာ သိသွားတဲ့ အသိဉာဏ်တစ်ခုဝင်သွားရင် ကျွန်တော်တို့က အကျိုးအမြတ်ပါပဲ။
ဒါကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ ပထမဦးဆုံး လုပ်ခြင်းဖြစ်ပြီး Olympic Council of Asia ကလည်း အခွင့်အရေးပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်း အများကြီး ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ပါတယ်။”ဟု အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြောကြားခဲ့ပါသည်။

အဆိုပါ အပြေးပြိုင်ပွဲတွင် (၁၃) နှစ်အောက် မီတာ (၄၀၀) အပြေးပြိုင်ပွဲနှင့် (၁၃) နှစ်အထက် (၁.၄ ကီလိုမီတာ) စုပေါင်း အပြေးပြိုင်ပွဲ ၊ မသန်စွမ်းသူများအပြေးပြိုင်ပွဲဟူ၍ ပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် စုစုပေါင်း (၂၀၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတစ်ခုချင်းစီအောက်တွင် ပထမဦးဆုံး ပန်းဝင်သူ (၁၀) ဦးအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
“အရမ်းပျော်တယ်၊ ဟန်ကျိုး ပြိုင်ပွဲကိုတော့ (တိုက်ကွမ်ဒိုခေါင်းစဉ်အောက်မှာ) ဝင်ပြိုင်မယ်လို့ စဉ်းစားထားတယ်၊ သိပ်တော့ မသေချာဘူးပေါ့။
(ညီမရဲ့ အိပ်မက်က) ဆီးဂိမ်းတို့လို နိုင်ငံတကာကို သွားပြိုင်ချင်တယ်”ဟု (၁၃) နှစ်အထက် (၁.၄ ကီလိုမီတာ) အပြေးပြိုင်ပွဲ ပထမဆုရှင် မဝင့်သိင်္ဂီထွန်းက ပြောဆိုခဲ့ပါသည်။

“အခုလိုမျိုး မသန်စွမ်း ကစားသမားတစ်ယောက်က နိုင်ငံအတွက် လုပ်ပေးနိုင်တဲ့စွမ်းရည် သူ့မှာ ဘယ်လောက်ထိ ရှိလဲ၊ သူ ဘယ်လောက်ထိ ကြိုးစားနေလဲဆိုတာ ချပြလို့ရအောင် ဒီလိုမျိုး ကျွန်တော်တို့ တွေကို ကူညီတယ်၊ ပံ့ပိုးတယ်၊ ကျွန်တော်တို့တွေကို အသိအမှတ်ပြုပေးတယ်၊ အဲဒီအတွက် ကျွန်တော်တို့ဘက် က အတိုင်းမသိ ဝမ်းသာတယ်”ဟု မသန်စွမ်းသူများအပြေးပြိုင်ပွဲ ပထမဆုရှင်၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ် အားကစားသမား ကိုစိုးပေက ပြောဆိုခဲ့သည်။
အဆိုပါ (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Asian Games) အောက်ရှိ အားကစားနည်း (၁၂) မျိုးခန့်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု လျာထားကြောင်း သိရသည်။
“လတ်တလောတော့ Asian Games မှာ အားကစားနည်း (၁၂) မျိုးလောက် ပြိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေပါတယ်။ ဘောလုံး၊ ပြေးခုန်ပစ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ Esports ဒီအားကစားနည်းတွေ ဖြစ်ပါလိမ့်မယ်။
အားကစားနဲ့ပတ်သက်ရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံက တော်တော်လေးကို ဆက်စပ် ဆောင်ရွက်မှုတွေ များခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အခမ်းနားဆုံး ကျင်းပနိုင်ခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပဖို့အတွက်ဆိုရင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖွင့်ပွဲ၊ ပိတ်ပွဲ ကိစ္စတွေ၊ game management ကိစ္စတွေမှာ တော်တော်လေးကို ကူညီခဲ့တာတွေ ရှိပါတယ်။ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အားကစားကဏ္ဍ တိုးတက်ပြန့်ပွားဖို့အတွက် အားကစားပစ္စည်းတွေ ထောက်ပံ့ကူညီတာတွေ၊ ကျွန်တော်တို့နိုင်ငံက အားကစားသမားတွေကို ခေါ်ယူပြီး လေ့ကျင့်ပေးတာတွေ အများကြီး လုပ်ခဲ့တာရှိပါတယ်။”ဟု အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြောကြားခဲ့ပါသည်။
ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၏ Games Services Department ဒါရိုက်တာဖြစ်သူ Mr. Ding Jiong က တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ (၁၀၀) ရာခိုင်နှုန်း ပြီးစီး၍ ပြိုင်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေကြောင်း၊ နိုင်ငံအသီးသီးမှ လာရောက်ကြမည့် အားကစားအဖွဲ့များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများ ရှိကြောင်း ပြောကြားခဲ့သည်။