Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုနှင့်ပတ်သက်သော သတင်း အသစ် ကန် ရေးသားဖော်ပြ ခြင်းသည် အာရုံလွှဲရန် ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ရုရှား ပြစ်တင်

(GMT+08:00)2023-03-09 14:05:53  

ယူကရိန်းကိုထောက်ခံသော အဖွဲ့အစည်းတစ်ခုသည် Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကို ပြုလုပ်သည့် လက်သည် ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း နယူးယောက်တိုင်းမ် စသည့် အနောက်တိုင်းမီဒီယာများက မကြာမီက ရေးသားဖော်ပြခဲ့ကြပါသည်။

အနောက်တိုင်းမီဒီယာများ၏ ရေးသားဖော်ပြချက်နှင့်ပတ်သက်၍ ရုရှားနိုင်ငံ သမ္မတ၏ သတင်းဆိုင်ရာအတွင်းဝန် Dmitry Peskov က ၄င်း နောက်ဆုံး ရေးသားဖော်ပြချက်မှာ သတင်းအတုဖြန့်ခြင်း ဖြစ်သကဲ့သို့ ပေါက်ကွဲမှုကို ပြုလုပ်သည့် လက်သည်အစစ်အပေါ် လူအများ၏အာရုံ လွှဲစေရန်ပင် ဖြစ်ကြောင်း မတ်လ ၈ရက်နေ့က ပြောကြားခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် Nord Stream စီမံကိန်းတွင် ပါဝင်သော နိုင်ငံများအား Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကို ပွင့်လင်းမြင်သာစွာ အရေးပေါ် စုံစမ်းစစ်ဆေးရန် ပြုလုပ်ဖို့လည်း ပန်ကြားခဲ့ပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က တရားဝင်စုံစမ်းစစ်ဆေးမှုကို မပြုလုပ်လိုဘဲ လူအများ၏အာရုံ ပြောင်းစေရန် ဆောင်ရွက်သူများသည် ၄င်းသတင်းကို မီဒီယာများအား ပြောပြကြကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးသည် ရုရှားနိုင်ငံအနေဖြင့် ၄င်းရေးသားဖော်ပြချက်၏ စစ်မှန်မှုနှင့်ပတ်သက်၍ သံသယရှိကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့ပါသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုသည် ယူကရိန်းနိုင်ငံနှင့် မသက်ဆိုင်ကြောင်း မတ်လ ၈ရက်နေ့က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသမ္မတရုံး အကြံပေးပုဂ္ဂိုလ် Mykhailo Podolyak က၊ ယူကရိန်းနိုင်ငံသည် Nord Stream သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုတွင် လုံးဝမပါဝင်ခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံသည် ယင်းကို လုံးဝမသိကြောင်း၊ ယူကရိန်းအား ထောက်ခံသော အဖွဲ့အစည်းနှင့် ပတ်သက်သော သတင်းလည်း မရှိကြောင်း မတ်လ ၇ရက်နေ့က ပြောကြားခဲ့ပါသည်။

ဂျာမဏီအစိုးရမှ ပြောရေးဆိုခွင့်ရှိသူက Nord Stream သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုနှင့်ပတ်သက်သော နောက်ဆုံးထုတ် ရေးသားဖော်ပြချက်ကို သတိထားမိကြောင်း၊ Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကို စုံစမ်း စစ်ဆေးနေပြီး ယခုအထိ စုံစမ်းစစ်ဆေးမှု အဖြေမရှိသေးကြောင်း မတ်လ ၈ရက်နေ့က ပြောကြားခဲ့ပါသည်။ ထိုနေ့တွင် ဂျာမဏီကာကွယ်ရေးဝန်ကြီး Pistorius ကလည်း ဂျာမဏီနိုင်ငံသည် ထင်ရှားသောသက်သေအထောက်အထား မရှိသော အခြေအနေမျိုးတွင် စုံစမ်းစစ်ဆေးမှုကောက်ချက်ကို ထုတ်ပြန်ရန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသည်။