၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

(GMT+08:00)2023-03-08 19:20:50  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၇ ရက်နေ့ ညနေပိုင်းက ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ  လုပ်ငန်း အစီရင်ခံစာ၊ ပြည်သူ့တရားရုံးချုပ် လုပ်ငန်း အစီရင်ခံစာနှင့် ပြည်သူ့ ရှေ့နေရုံးချုပ် လုပ်ငန်း အစီရင်ခံစာများကို ကြားနာ စိစစ်ပြီး နိုင်ငံတော်ကောင်စီ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဆိုင်ရာ ရှင်းလင်းပြောကြားချက်ကို ကြားနာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။ 

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှ တာဝန် အပ်နှင်းမှုအရ ကော်မတီဥက္ကဋ္ဌ လိကျမ့်ရှူးသည် အစည်းအဝေးသို့ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏လုပ်ငန်းများကို အစီရင်ခံခဲ့ပါသည်။

ပြည်သူ့ တရားရုံးချုပ်မှ တရားသူကြီးချုပ် ကျိုးချန်သည် ပြည်သူ့တရားရုံးချုပ် လုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

ပြည်သူ့ရှေ့နေရုံးချုပ်မှ ရှေ့နေချုပ် ကျမ်းကျွင်းသည် ပြည်သူ့ရှေ့နေရုံးချုပ် လုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ပါသည်။

နိုင်ငံတော်ကောင်စီမှ တာဝန်အပ်နှင်းမှုအရ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် ရှောင်ကျယ်သည် နိုင်ငံတော်ကောင်စီ လုပ်ငန်း ဌာနများ ပြုပြင်ပြောင်းလဲရေး အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါသည်။ ရှောင်ကျယ်က နိုင်ငံတော်ကောင်စီ လုပ်ငန်းဌာနများ ပြုပြင် ပြောင်းလဲမှုသည် ပါတီနှင့်နိုင်ငံ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှု၏ အရေးကြီး တာဝန် တစ်ရပ် အဖြစ် အဓိကအားဖြင့် သိပံ္ပနည်းပညာ၊ ငွေရေးကြေးရေး ကြီးကြပ်မှု၊ ဒေတာများ စီမံခန့်ခွဲမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာမူပိုင်ခွင့်၊ သက်ကြီးရွယ်အို ရေးရာလုပ်ငန်းများ စသည့် အရေးကြီး လုပ်ငန်းနယ်ပယ်တွင် ဌာနများ၏ လုပ်ငန်း တာဝန်များ ပိုမို ကောင်းမွန်လာအောင် အားဖြည့်ဆောင်ရွက်ခြင်း ဖြစ်ပြီး အစိုးရ၏ အလုပ်တာဝန်များ စွမ်းဆောင်ရည်ကို ပြုပြင်ပြောင်းလဲ၍ အစိုးရ ဥပဒေစိုးမိုးရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။