အရပ်ဘက် စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မှန်ကန်စွာ လမ်းညွှန် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-03-08 15:50:13  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့ ညနေပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပထမအကြိမ် အစည်းအဝေးကို တက်ရောက်နေသည့် တရုတ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အသင်း၊ စက်မှုနှင့်ကုန်သွယ်မှုအသင်းချုပ်က ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ၄င်းတို့၏သဘောထား အမြင်များနှင့် အကြံပြုချက်များကို ကြားနာခဲ့ပါသည်။

ရှီကျင့်ဖိန်က ပါတီဗဟိုကော်မတီသည် “ဦးလည်မသုန်” နှစ်ရပ်၊ “ပြောင်းလဲမှု မရှိခြင်း” နှစ်ရပ်ကို အစဉ်တစိုက် စွဲကိုင်ပြီး အရပ်ဘက် လုပ်ငန်းကုမ္ပဏီများနှင့် အရပ်ဘက် လုပ်ငန်းရှင်များကို ကိုယ့်လူ ကိုယ့်ဘက်သားအဖြစ် အစဉ်တစိုက် သဘောထားနေကြောင်း၊ အရပ်ဘက် လုပ်ငန်းကုမ္ပဏီများနှင့် အရပ်ဘက် လုပ်ငန်းရှင်များကို ပါတီဗဟိုကော်မတီ၏ မူဝါဒများကို မှန်ကန်စွာ နားလည်သိရှိပြီး ယုံကြည်စိတ်ရှိရှိဖြင့် ရဲဝံ့စွာ ဖွံ့ဖြိုး တိုးတက် စေရန် လမ်းညွှန်လမ်းပြပေးရမည် ဖြစ်၍ အရပ်ဘက် စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက် ရေးနှင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို မှန်ကန်စွာ လမ်းညွှန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က အရပ်ဘက် စီးပွားရေးသည် တရုတ်ကွန်မြူနစ်ပါတီက ရေရှည် နိုင်ငံရေး စီမံခန့်ခွဲမှုတွင် ပြည်သူတစ်ရပ်လုံးကို သွေးစည်းညီညွတ်စွာ ဦးဆောင်ပြီး “နှစ် ၁၀၀ ကြိုးပမ်းဆောင်ရွက်ရေး ရည်မှန်းချက်” နှစ်ရပ်နှင့် တရုတ်အမျိုးသား မွန်မြတ်စွာ ပြန်လည်ရှင်သန်နိုးထရေးအိပ်မက်ကို အကောင်အထည် ဖော်ဆောင်စေရန် အရေးကြီးသည့် အင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။