အမေရိကန်သည် WTO အယူခံဝင်သည့်အဖွဲ့အစည်း၏ တရားသူကြီးသစ် ဆန်ခါတင် ရွေးချယ်မှုကို ၆၃ကြိမ်မြောက် နှောင့်ယှက်တားဆီး

(GMT+08:00)2023-03-01 14:57:13  

ဖေဖေါ်ဝါရီလ ၂၇ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့၏ ပုံမှန် အစည်းအဝေးတွင် အမေရိကန်သည် ဗီတိုအာဏာကို ထပ်မံ အလွဲသုံးစားလုပ်ပြီး  WTO အယူခံဝင်သည့်အဖွဲ့အစည်း၏ တရားသူကြီးသစ် ဆန်ခါတင် ရွေးချယ်မှု အစီအစဉ် စတင်ရန် အဆိုပြုချက်ကို ပယ်ချခဲ့ပါသည်။ ၄င်းအဆိုပြုချက်သည် WTO အဖွဲ့ဝင် ၁၂၇ခုတို့မှ ပူးတွဲ တင်ပြခဲ့ခြင်း ဖြစ်ပြီး ယင်းသည် ၆၃ကြိမ်မြောက် ပယ်ချခံရခြင်း ဖြစ်ပါသည်။ ဂါတီမာလာ နိုင်ငံ ကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်၏ လုပ်ရပ်သည် ဥပဒေ အထောက်အပံ့ လုံးဝ မရှိဘဲ  WTOအဖွဲ့ဝင်များ၏ အခွင့်အရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။

 အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားသည် WTO၏ အရေးကြီး ကျောရိုးမဏ္ဍိုင် ဖြစ်ပါသည်။ ၄င်းယန္တရားတွင် အယူခံဝင်သည့်အဖွဲ့အစည်းသည် ကမ္ဘာ့ကုန်သွယ်ရေးတွင် “တရားရုံးချုပ်”ဟု ခေါ်ဝေါ်ခြင်း ခံရပါသည်။ ၄င်း၏ အစီရင်ခံစာသည် “နောက်ဆုံး စီရင်ဆုံးဖြတ်ချက်” အဖြစ် ဥပဒေ ချုပ်ထိန်းမှု ရှိပါသည်။ အယူခံဝင်သည့်အဖွဲ့အစည်းတွင် အမြဲတမ်း တရားသူကြီး ၇ဦး ထားရှိပြီး တရားသူကြီး ၃ဦးထက်မနည်း တာဝန်ထမ်းဆောင်မှသာ ၄င်းယန္တရား၏ ပုံမှန် လည်ပတ်မှုကို ထိန်းသိမ်း ထားနိုင်ပါသည်။ မကြာခင် နှစ်များတွင် အမေရိကန် အစိုးရက တရားသူကြီးသစ် ခန့်ထားခြင်းကို အမြဲ တားဆီးနှောင့်ယှက်ခဲ့သောကြောင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ အထိ ၄င်းအဖွဲ့အစည်းတွင် တရားသူကြီး ၁ဦးသာ ကျန်ရှိ၍ လည်ပတ်မှု ရပ်တန့်ခဲ့ရပြီး WTO ဖွဲ့စည်းတည်တောင်ခဲ့သည့် နောက်ပိုင်းတွင် အကြီးဆုံး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပါသည်။ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် ကျန်ရှိခဲ့သည့် တရားသူကြီး တစ်ဦးသည်လည်း သက်တမ်း ကုန်ဆုံး၍ တာဝန် ဆက်လက်မထမ်းဆောင်တော့ပါ။

အဘယ်ကြောင့် မကြာခင် နှစ်များတွင် အမေရိကန်သည် ယင်းကိစ္စကို အကြိမ်ပေါင်းများစွာ တားဆီးနှောင့်ယှက်သနည်း။ အခြေခံ အကြောင်းရင်းမှာ တက်သစ်စ စီးပွားရေး အုပ်စုများ ရှင်သန် ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ အမေရိကန်က WTO၏ စည်းမျဉ်းဥပဒေများသည် အမေရိကန်၏ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရန် အတွက် အကျိုးမရှိတော့ဘဲ ၄င်း၏ ကုန်သွယ်ရေး မူဝါဒ ကျင့်သုံးမှုကို ကန့်သတ်ခြင်း ဖြစ်လာနိုင်ကြောင်း မှတ်ယးသောကြောင့် ဖြစ်ပါသည်။

အခြားနိုင်ငံများ၏ ကုမ္ပဏီများအား အရေးယူမှု ကျင့်သုံးသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီများ အမည်စာရင်းတွင် ထည့်သွင်းခြင်း၊ The CHIPS and Science Actနှင့် ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေကို ထုတ်ပြန်ကျင့်သုံးခြင်း စသည့် လုပ်ဆောင်မှုများဖြင့် အမေရိကန်သည် ကမ္ဘာ့ စက်မှုလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် အပေါ် ဆိုးရွားစွာ နှောင့်ယှက်ဖျက်ဆီးပြီး လွတ်လပ်စွာ ကုန်သွယ်ရေးမူနှင့် WTO၏ စည်းမျဉ်းဥပဒေများကို ဖောက်ဖျက်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်သည် WTO အယူခံဝင်သည့်အဖွဲ့အစည်း၏ ပုံမှန်လည်ပတ်မှုကို ဆက်လက် တားဆီးနှောင့်ယှက်ပြီး အခြားနိုင်ငံနှင့် ဒေသများ၏ တရားမျှတပြီး မှန်ကန်သော အခွင့်အရေး ထိန်းသိမ်းကာကွယ်မှု နည်းလမ်းကို ပိတ်ဆို့ကာ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေး ဆိုင်ရာ အနိုင်ကျင့်မှု အတွက် လမ်းခင်းပေးခဲ့ပါသည်။

နိုင်ငံတကာ စည်းမျဉ်းဥပဒေသည် အမေရိကန်၏ ပြည်တွင်း ဥပဒေ မဟုတ်ဘဲ အမေရိကန် အတွက်သာ ဝန်ဆောင်မှုပေးတာ မဟုတ်ပါ။ အမေရိကန်၏ လုပ်ရပ်သည် လွတ်လပ်စွာ ကုန်သွယ်ရေး စည်းမျဉ်းဥပဒေကို ဖိနှိပ်ရုံသာမက ဘက်ပေါင်းစုံ ဝါဒ စီမံခန့်ခွဲရေး စည်းမျဉ်းဥပဒေကိုလည်း ဖျက်ဆီးခဲ့ပါသည်။ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင် မဖြစ်မနေ ဆက်လက် အနှောင့်အယှက်ပြုပါက မီးကစားလျှင် မီးကစားသူ မီးဝါးခံရလိမ့်မည် ဖြစ်ပါသည်။