နျူကလီးယား မတော်တဆမှု အတွက် တစ်ကမ္ဘာလုံးအား ပေးဆပ်စေချင်သည့် ဂျပန်၏ ကတိကဝတ်သည် ပျက်ပြားသွားပြီဖြစ်

(GMT+08:00)2023-02-28 15:20:04  

“၁၂နှစ်တာ အချိန်သည် ပြည်သူများ ဆုံးရှုံးခဲ့သော ယုံကြည်မှုကို ပြန်လည်ရရှိရန် လုံလောက်သနည်း”ဟု မကြာခင်က ဂျပန် Fuji News Networkမှ သတင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဖူကူရှီမား နျူကလီးယား မတော်တဆမှု ဖြစ်ပွားတာ ၁၂နှစ်ကြာ ကုန်လွန်ခဲ့သော်လည်း ဂျပန် အစိုးရ အနေနှင့် ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်မရရှိနိုင်ဘဲ ကတိကဝတ် ပျက်ပြားသွားသည့် လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းနေခြင်းကို အဖြစ်မှန်များက သက်သေပြနေပါသည်။

ယခုလ ၂၅ရက်နေ့က ဂျပန် စီးပွားရေး လုပ်ငန်း ဝန်ကြီး Yasutoshi Nishimuraသည် နျူကလီးယားရေဆိုး ပင်လယ်ထဲသို့ စွန့်ပစ်ခြင်း စီမံကိန်းနှင့် ပတ်သက်၍ ဖူကူရှီမား အီဝါကီမြို့တွင် ရှင်းလင်းပွဲကျင်းပရာ ဒေသခံ တံငါလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ၏ ပြင်းထန်သော ကန့်ကွက်မှု ခံခဲ့ရပါသည်။

၂၀၂၁ခုနှစ် ဧပြီလက ဂျပန် အစိုးရသည် ၂၀၂၃ ခုနှစ် နွေဦးရာသီတွင် ပင်လယ်ထဲသို့ ဖူကူရှီမား နျူကလီးယား ရေဆိုးကို စတင် စွန့်ပစ်ရန် စီစဉ်ထားကြောင်း ကြေညာပြီး ပြည်တွင်းပြည်ပမှ မယုံသင်္ကာဖြစ်မှုများနှင့် ကန့်ကွက်မှုများကို ခံခဲ့ရပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်လတွင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ နည်းပညာ လုပ်ငန်းအဖွဲ့က စစ်ဆေးမှုနှင့် အကဲဖြတ်သုံးသပ်မှုကို ပြုလုပ်နေသေးသည့် အခြေအနေမျိုးမှာတောင် ဂျပန်အစိုးရသည် ပင်လယ်ထဲသို့ နျူကလီးယား ရေဆိုး စွန့်ပစ်ခြင်း စီမံကိန်းကို တရားဝင် ခွင့်ပြုခဲ့ပါသည်။ ထို့အပြင်၊ ဂျပန်သည် ၄င်းစီမံကိန်းကို မထုတ်ပြန်ခင်က အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးခြင်းလည်း မရှိခဲ့ပါ။ ယင်းလုပ်ရပ်များသည် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သြဇာအာဏာကို ထိခိုက်စေရုံသာမက ဂျပန် ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အပေါ် လွန်စွာ တာဝန်မဲ့သော လုပ်ရပ်များလည်း ဖြစ်ပါသည်။

ပင်လယ်သမုဒ္ဒရာသည် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ အသက်ရှင်နေထိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် မှီခိုအားထားရသည့် အခြေခံ အရင်းအမြစ် ဖြစ်ပါသည်။ ဂျပန်သည် ကုလသမဂ္ဂ ပင်လယ် သမုဒ္ဒရာ ဥပဒေ ပဋိညာဉ် စာချုပ်၏ စာချုပ်ဝင် နိုင်ငံ ဖြစ်သဖြင့် ပင်လယ် သမုဒ္ဒရာ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် တာဝန်ဝတ္တရား ရှိပါသည်။ အမှန်တကယ်တော့ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဂျပန် အစိုးရသည် နျူကလီးယား ရေဆိုး ကိုင်တွယ်ဖြေရှင်းရေး အတွက် နည်းလမ်း ၅ခုကို တင်ပြခဲ့ဖူးပါသည်။ ပင်လယ်ထဲသို့ စွန့်ပစ်သည့် နည်းလမ်းကို နောက်ဆုံး ရွေးချယ်ခဲ့သည့် အကြောင်းရင်းမှာ ၄င်းနည်းလမ်း၏ ကုန်ကျစရိတ် အနည်းဆုံး ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းသည် ဂျပန် အစိုးရ၏ အတ္တလွန်ကဲခြင်းကို ပေါ်လွင်လာစေပါသည်။ ဂျပန်ဘက်မှ နျူကလီးယား ရေဆိုးကို ပင်လယ်ထဲသို့ မဖြစ်မနေစွန့်ပစ်မည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ဘုံအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် တရားဥပဒေ နည်းလမ်းဖြင့် ပူးတွဲ ဆောင်ရွက်မှုကို ပြုလုပ်သင့်ပါသည်။ နျူကလီးယား မတော်တဆမှု အတွက် တစ်ကမ္ဘာလုံးအား ပေးဆပ်စေချင်သည့် ဂျပန်၏ ကတိကဝတ်သည် ပျက်ပြားသွားပြီဖြစ်ပါသည်။